၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ ကချင်တိုက်ပွဲရှောင် ဂျန်မိုင်ကောင်း KBC စခန်းတွင် ကိုဗစ် - ၁၉ ရောဂါ ရှိ/မရှိ စက်တင်ဘာ ၄ ရက်နေ့က စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။
စခန်းတာဝန်ခံ ဦးထွယ်အောင်က “ကိုဗစ်က စနေနေ့က စစ်တယ်။ ဒီနေ့လည်း လာမယ်လို့ ပြောတယ် ကျန်းမာ ရေး ဌာနက။ ကျနော်တို့လည်း စောင့်နေတာ မလာသေးဘူး။ ဒီနေ့မဟုတ်ရင် မနက်ဖြန်လာမယ်ထင်တယ်” ဟု ပြောသည်။
ပထမသုတ်အနေဖြင့် စခန်းအတွင်း လူဦးရေ (၁၂၃) ယောက်ကို စစ်ဆေးခဲ့ပြီး စစ်ဆေးသူအားလုံး ကိုဗစ် - ၁၉ မရှိဟု ၎င်းက ဆိုသည်။
ဂျန်မိုင်ကောင်း တိုက်ပွဲရှောင်စခန်းတွင် လူဦးရေ ၁၀၀၀ ကျော်ရှိပြီး ကိုဗစ် - ၁၉ တတိယလှိုင်း၌ စခန်းရှိ လူတချို့ မှာ တောင်ယာသို့ လည်းကောင်း၊ အခင်းစောင့်များအဖြစ် သော် လည်းကောင်း သွားရောက် လုပ်ကိုင်နေသော ကြောင့် လက်ရှိမှာ လူဉီးရေ ၅၀၀ ကျော် ကျန်ရှိနေသည်ဟု ၎င်းက ဆိုသည်။
ဦးထွယ်အောင်က “လောလောဆယ် ကိုဗစ်အခက်အခဲက Lockdown ကို ရှေ့ဆက်သွားရင် စားဝတ်နေရေးက တော်တော် လေး အခက်အခဲ ရှိလာမယ်။ အခုက အပြင်မှာလည်း အလုပ်က မရှိကြဘူး။ World Food ကလည်း အခု ၂ လကျော်နေပြီ။ မထုတ်ပေးနိုင် တာ။ မထုတ်ပေးတာတော့ မဟုတ်ဘူး။ ဘယ်နေ့ ဘယ်အချိန်အခါ လာပေးနိုင်မယ်ဆိုတာ သူတို့လည်း ပြောလို့မရနိုင်ဘူး” ဟု ပြောသည်။
ကချင်တိုက်ပွဲရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေးအစီအစဉ် (WFP) က ထောက်ပံ့လျက်ရှိနေပြီး လက်ရှိ ကိုဗစ် - ၁၉ ကြောင့် မထောက်ပံ့နိုင်သေးဟု သိရသည်။
တိုက်ပွဲရှောင်များအနေဖြင့် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးလိုသော်လည်း လက်ရှိအချိန်အထိ မထိုးနှံနိုင်သေးသလို စစ်ဆေးမှုများမှာလည်း အခြားသော တိုက်ပွဲရှောင်စခန်းများထက် နောက်ကျမှ စစ်ဆေးနိုင်သည်ဟု သိရသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် စခန်းပေါင်း ၁၈၀ ကျော်ရှိပြီး လူဦးရေ ၁၂၀,၀၀၀ ကျော်အထိရှိကြောင်း ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းအချို့၏ စာရင်းများအရ သိရသည်။