CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၄


တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံသို့ တရုတ် Sinopharm ကိုဗစ်-၁၉ Vaccine နောက်ထပ် အလုံးရေ ၁ သန်းနှင့် တရုတ်ယွမ်ငွေ သန်း ၂၀ တန်ဖိုးရှိသည့် ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများကို စက်တင်ဘာ ၃ ရက်နေ့က ပေးပို့ လှူဒါန်းခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ လှူဒါန်းပေးပို့သည် ပစ္စည်းများကို ရွှေလီနယ်စပ်ဂိတ်မှ စတင်ပို့ဆောင်ခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မှ ပြည်သူများ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အသုံးပြုနိုင်ရန် ပေးအပ်သွားမည်ဟု တရုတ်သံရုံးက ဆိုသည်။

တရုတ်နိုင်ငံမှ ပေးပို့လှူဒါန်းသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အွန်လိုင်းကနေ တဆင့် လက်ခံရရှိကြောင်း အခမ်းအနား ကျင်းပ၍ လက်ခံခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က “မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ယခုအကြိမ် တရုတ် နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သည့်ပစ္စည်းများ အသုံး ပြုနိုင်ရေးအတွက် ဆက်လက်ကူညီပေးမည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာနယ်စပ် ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ် ရေးကို ဆက်တိုက်တွန်းအားပေးဆောင်ရွက်၍ တရုတ်-မြန်မာ ပြည်သူများ အသက်နှင့် ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်ပေးကာ နှစ်နိုင်ငံ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ယူနန်ပြည် နယ်အကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး အတွက် အားဖြည့်ပေးမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက် အတူ တကွ ကြိုးပမ်းမှုနှင့် အာဆီယံအပါအဝင် နိုင်ငံ တကာ အသိုင်းအဝိုင်း၏ ထောက်ခံအားပေးမှုဖြင့် မြန်မာနိုင်ငံမှ ကပ်ရောဂါကို ဆောလျင်စွာ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်တယ်”ဟု ပြောသည်။

 

ပုံ- တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ပေးပို့သည့် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ သန်းနှင့် ယွမ်ငွေ သန်း ၂၀ တန်ဖိုးရှိ ပစ္စည်းများလွှဲပြောင်းပေးခြင်း အခမ်းအနား ကျင်းပနေစဉ် (တရုတ်သံရုံး-fb)

တရုတ်နိုင်ငံက ယခုအကြိမ် မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့မှုတွင် တရုတ် Sinopharm ကိုဗစ်-၁၉ Vaccine နောက်ထပ် အလုံးရေ ၁ သန်းနှင့် တရုတ်ယွမ်ငွေ သန်း ၂၀ တန်ဖိုးရှိ အောက်ဆီဂျင်စက်၊ ကာကွယ်ရေးဝတ်စုံ၊ Test Kit စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တရုတ်-မြန်မာနယ်စပ် မြန်မာ ဘက်ခြမ်း၌ သီးသန့် အသုံးပြုမည်ဖြစ်ကာ အသေးစိတ်ကို ယူနန်ပြည်နယ်မှ ဖော်ဆောင်မည်ဟု တရုတ်သံရုံးက ဆိုသည်။

ထို့နောက် တရုတ်နိုင်ငံက အထက်ပါ Vaccine နှင့်ပစ္စည်းများကို အသုတ်ခွဲ၍ မြန်မာနိုင်ငံ မူဆယ်၊ မြစ်ကြီးနား၊ ကိုးကန့် စသည့် ဒေသများသို့ ပို့ဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ မြန်မာနိုင်ငံသို့ စေလွှတ်ကာ Vaccine ထိုးနှံရေး စသည့် လုပ်ငန်းများကို လမ်းညွှန်ပြသလျက်ရှိသည်ဟုလည်း ဆိုထားသည်။

ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Ms. Li Malin က “မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သည့်ပစ္စည်းများ စတင်ပို့ဆောင် ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ထိုကူညီမှုတွင် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ နက်ရှိုင်းသော သံယောဇဉ်နှင့် ချစ်ကြည် ရင်းနှီးမှုတို့ ပါဝင်နေကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီသော၊ တစ်လှေတည်းစီး တစ်ခရီးတည်း သွားသော အေးအတူ ပူအမျှ အသိုက်အဝန်း စိတ်ဓာတ်ကို ထင်ဟပ်နေကြောင်း၊ ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ ဗဟို အစိုးရ၏ စုစည်း စီမံခန့်ခွဲမှုနှင့်အညီ မိမိ၏ အားသာချက်ကို တက်တက်ကြွကြွ ဖော်ထုတ်ကာ မြန်မာနိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေးကို ဆက်လက် ထောက်ခံအားပေးပြီး တရုတ်-မြန်မာ နယ်စပ်ဒေသရှိ နှစ်နိုင်ငံပြည်သူများ၏ အသက်လုံခြုံ ရေးနှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အကျိုးဆောင်ပေးမည်”ဟု ပြောသည်။