၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၄

လူနာ ၅၀၀ အား လက်ခံကုသပေးနိုင်သည့် အုတ်တစ်ချပ်သဲတစ်ပွင့် (သုဝဏ္ဏ)စင်တာတွင် စက်တင်ဘာ ၂ ရက် နေ့၌ ဖွင့်လှစ်ခဲ့ပြီး လူနာ ၂၀၀ ကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်စင်တာအား အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်းမှ တည်ဆောက်ခြင်းဖြစ်ကာ သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏမြက်ခင်းတု ဘောလုံးကွင်းတွင် တည်ဆောက်ထားသည်။

အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်း တည်ထောင်သူအဖွဲ့ဝင် ဦးဝင်းကျော်မှ “မြန်မာနိုင်ငံဟာ ကိုဗစ် ၁၉ ရဲ့ ရိုက်ခတ်မှု ဒဏ် ကို ခံစားနေရပြီး အခုအချိန်မှာ ပြည်တွင်းမှာ ရောဂါ ကူးစက်နှုန်းတွေ မြင့်တက်လာနေတာ ကြောင့် တိုင်းပြည်ရဲ့ ခက်ခဲတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ တိုင်းပြည်ရဲ့ ကျန်းမာရေး ကဏ္ဍလိုအပ်ချက်တွေ ကို ပြည်သူတွေအတွက် တစ်ထောင့် တစ်နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်တာကြောင့် ကျနော်တို့ လူငယ် လုပ်ငန်းရှင်တွေ စုစည်းထားတဲ့ အုတ်တစ်သဲတစ်ပွင့် ဖောင်ဒေးရှင်းကနေ တာဝန်ယူပြီး အခုလို ကိုဗစ်လူနာ ၅၀၀ အထိ လက်ခံ ကုသပေးနိုင်မယ့် အုတ်တစ်ချပ်သဲတစ်ပွင့် (သုဝဏ္ဏ) စင်တာကို စတင် တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကိုဗစ်စင်တာအတွင်းတွင် အောက်စီဂျင်စက်ရုံ တည်ဆောက်ထားပြီး ပထမအဆင့်အနေဖြင့် ဖွင့်လှစ်ထားသည့် လူနာ ၂၀၀ အတွက် အောက်စီဂျင် ပြတ်လတ်မှု မရှိစေရန် အောက်စီဂျင်အိုးများ၊ အောက်စီဂျင်စက်များ တပ်ဆင်ထားကြောင်း၊ High Dependency Unit (HDU) ကုတင် ၁၀၈ လုံး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယအဆင့်အနေဖြင့် လူနာ ၃၀၀ ထပ်မံ လက်ခံ ကုသပေးသွားမည်ဖြစ်ကြောင်းနှင့် ဒုတိယအဆင့်အတွက် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်၍ လိုအပ်သည့်ပစ္စည်းများ ဖြည့်သွင်း တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

ထိုစင်တာသို့ တက်ရောက်ကုသမှု ခံယူမည်ဆိုပါက လူနာလက်ခံဌာန ဖုန်းနံပါတ် ၀၉-၈၈၀၈၄၇၆၆၃ ကို ဆက်သွယ် စာရင်း ပေးသွင်းရမည်ဖြစ်သည်။

လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ်၊ ဆေးဝါး အထောက်အပံ့၊ ရောဂါရှာဖွေကုသမှုများ၊ စနစ်တကျ ကုသ ရေး လုပ်ငန်းစဉ်နှင့် Private Lab Support များထားရှိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အုတ်တစ်ချပ် သဲတစ်ပွင့် (သုဝဏ္ဏ) ကိုဗစ်စင်တာတွင် ကုသလျက်ရှိသော လူနာများအတွက် လိုအပ်သော ဓာတ်ခွဲစမ်းသပ် အဖြေရှာရန်လိုအပ်သည့် စမ်းသပ်ချက်များအတွက် သီးသန့် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပေးသွားမည် ဖြစ်ပြီး ဓာတ်ခွဲ စမ်းသပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်မှန်ရိုက်ကူးမှု ကုန်ကျစရိတ်များကို လူနာမှ ကျခံစရာမလိုအပ်ဘဲ စင်တာမှ အကုန်အကျခံ ဆောင်ရွတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။