နယူးယောက်၊ စက်တင်ဘာ ၂၂
ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာ အမေရိကန်၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေဆဲ ၇၆ ကြိမ် အထွေထွေညီလာခံရဲ့ အစည်းအဝေးထဲတွင် အထူးဖျော်ဖြေတင်ဆက်မှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ယနေ့ကမ္ဘာဟာ ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ရာမှာ အရေးတကြီးလိုအပ်တဲ့ရည်မှန်းချက်တွေ ပြည့်မီဖို့ လမ်းကြောင်းပေါ်မရောက်သေးတာကြောင့် စိုးရိမ်နေမိတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရတ်စ်က ထုတ်ဖော်ပြောကြားခဲ့တယ်။
Photo - AP
အဲဒီ မိန့်ခွန်းနှင့်အတူ BTS အဖွဲ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို ကုလသမဂ္ဂစင်မြင့်ထက်မှာ တွေ့ခဲ့ကြရပါတယ်။
“ကျနော်တို့ ရွေးချယ်မှုတိုင်းဟာ အပြောင်းအလဲရဲ့အစ ဖြစ်ပါတယ်။ အဆုံးသတ်မဟုတ်ပါဘူး” လို့ BTS ခေါင်းဆောင် RM က ပြောကြားခဲ့ပါတယ်။
Photo - AP
တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ကေပေါ့ပ်ကြယ်ပွင့်တွေကို သမ္မတရဲ့အထူးကိုယ်စားလှယ်အဖြစ်နဲ့ ကမ္ဘာအနှံ့က လူငယ်တွေကို ချိတ်ဆက်ပေးတဲ့ပေါင်းကူးတံတားအဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေ စုံညီနေချိန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မိန့်ခွန်းကို အနုပညာနဲ့ ပါဝင်အားဖြည့်ပေးခွင့်ရတဲ့ ရှားရှားပါးပါး အခိုက်အတန့်လေး ဖြစ်သွားခဲ့ပါတယ်။
Photo - AP
ကုလသမဂ္ဂဌာနချုပ်ခန်းမနဲ့ ဝန်းကျင်တွင် ရိုက်ကူးခဲ့တဲ့ လက်ရှိရေပန်းစားဆဲ Permission to Dance ဆိုတဲ့ တေးသီချင်း ဗီဒီယိုဖိုင်ကိုလည်း တစ်ချိန်တည်းမှာ ပြသခွင့်ရခဲ့ပါတယ်။
UN စင်မြင့်ထက်မှာ ၇ မိနစ်စကားပြောခွင့်ရတဲ့အချိန်တွင် BTS ခေါင်းဆောင် RM က “ ဒီနေ့ ဒီနေရာကို ရောက်လာရတာ အင်မတန်ဂုဏ်ယူမိပါတယ်။ ကျနော်တို့ကို ကိုရီးယားသမ္မတနိုင်ငံသမ္မတကြီးရဲ့ အထူး သံတမန်အဖြစ် ခန့်အပ်ခံရပါတယ်။ အနာဂတ်မျိုးဆက်သစ်တွေကို ဝေမျှပြောပြစရာတွေအတွက် ဒီနေ့ ဒီနေရာကိုရောက်လာခြင်းပဲ ဖြစ်ပါတယ်။ ဆုံးရှုံးသွားတဲ့မျိုးဆက်ဆိုတဲ့အစား ကြိုဆိုတဲ့မျိုးဆက်ဖြစ်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီကမ္ဘာသစ်မှာ ကျနော်တို့အားလုံး “ကြိုဆိုပါတယ်” လို့ အချင်းချင်းပြောနိုင်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ထားပါတယ်ခင်ဗျား” လို့ စကားပြန်ကနေတစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။