လန်ဒန် စက်တင်ဘာ ၂၆
COVID-19 ကပ်ရောဂါကြောင့် ပြသရန် ၁၈ လကြာ နှောင့်နှေးခဲ့ရသည့် နောက်ဆုံးထွက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားကို လာမယ့်သီတင်းပတ်၌ ကမ္ဘာတလွှား ပြသတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဇာတ်ကားသည် ယခင်ပြသခဲ့ပြီးသော ဂျိန်းစ်ဘွန်းဇာတ်ကားနှင့် ၆ နှစ်ကွာခြားမည်ဖြစ်သည်။
‘No Time To Die’ ဟု အမည်ပေးထားသည့် ၂၅ ကားမြောက် ဂျိန်းစ်ဘွန်းဇာတ်ကားသစ်ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၊ တော်ဝင်အဲလ်ဘတ်ရုံ၌ စတင်ပြသမည်
ဖြစ်၍ လာရောက်ကြည့်ရှုရန် ဗြိတိန်နန်းတွင်းမိသားစုနှင့် ကိုဗစ်ကူးစက်ရောဂါကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့သူများကို စက်တင်ဘာ ၂၁ ရက်က ဖိတ်ကြားထားပြီးဖြစ်ကြောင်း အေအက်ဖ်ပီသတင်းအရ သိရသည်။
အဆိုပါဇာတ်ကားတွင် မင်းသား ဒန်နီရယ်ခရက်ကို 007 ဂျိန်းစ်ဘွန်းအဖြစ် နောက်ဆုံးသရုပ်ဆောင်ခြင်း မြင်ရလိမ့်မည်ဟု မျှော်လင့်ရသည်။ ၂၀၂၀ ပြည့်နှစ် မတ်လ၊ နိုဝင်ဘာလနှင့် ယခုနှစ် ဧပြီလက ပြသဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ယင်းအစီအစဉ် ၃ ခုစလုံး ကပ်ရောဂါကြောင့် ပျက်ပြားခဲ့ရသည်။
ဇာတ်ကားထဲက အဓိကဇာတ်လိုက် ဒန်နီရယ်ခရက်၊ တွဲဖက်သရုပ်ဆောင်များဖြစ်ကြသည့် ရာမီမားလက်ခ်နှင့် လေယာဆေဒူတို့သည် ဗြိတိန်မင်းသားကြီး ချားလ်စ်နှင့် သားတော်ဝီလျံတက်ရောက်မည့် ရုပ်ရှင်အထူးပွဲသို့ လာရောက်ကြည့်ရှုကြမည်ဖြစ်သည်။ ယင်းဇာတ်ကားကို ဗြိတိန်နိုင်ငံတွင် ရုံမတင်မီ နှစ်ရက်အလို အောက်တိုဘာ ၈ ရက်တွင် ကမ္ဘာတလွှား တချိန်တည်း တပြိုင်တည်း ပြသသွားမည်ဟု သိရသည်။
ကိုဗစ်ကပ်ရောဂါကာလ ကျန်းမာရေးဝန်ထမ်းများနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များလည်း ဂျိန်းစ်ဘွန်းရုပ်ရှင်အထူးပွဲသို့ ဖိတ်ကြားခြင်းခံရပြီး ကပ်ရောဂါထိန်းချုပ်တိုက်ဖျက်ရေးအတွက် ၎င်းတို့စွမ်းစွမ်းတမံဆောင်ရွက်ချက်များကို အသိအမှတ်ပြုသောအားဖြင့် ဗြိတိန်တစ်နိုင်ငံလုံးရှိ အခြားပွဲဦးထွက်အစီအစဉ် ၁၀ ခုလည်း အလားတူဖိတ်ကြားခြင်းခံခဲ့ရသည်။
“ဒီဇာတ်ကား ရုံတင်ခွင့်ရတာကို ကျနော်တို့ မယုံကြည်နိုင်အောင် စိတ်လှုပ်ရှားနေမိပါတယ်” ဟု ယခုလအတွင်း ဂျိမ်းစ်ဘွန်းတရားဝင် Podcast ကနေ No Time To Die ဇာတ်ကား ဖြန့်ချိပြသချိန်မှာ ပြသခွင့် (franchise) စနစ်ဖြင့် ထုတ်လုပ်သူ ဘာဘရာဘရော့ကိုလီက ပြောကြားခဲ့သည်။
“ဒီဇာတ်ကားက ၂၅ ကားမြောက် (007) ဖြစ်ပြီးတော့ ဂျိန်းစ်ဘွန်းရုပ်ရှင်တွေရဲ့ နှစ် ၆၀ နီးပါးကာလလည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် ကြီးကျယ်ခမ်းနားတဲ့ပြသနိုင်မှုအဖြစ် ကျနော်တို့ ခံစားရပါတယ်” ဟု ထုတ်လုပ်သူက ဆက်လက်ပြောကြားခဲ့သည်။