ဆိုးလ် စက်တင်ဘာ ၁၄
အမျိုးသား K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ iKON ရဲ့ခေါင်းဆောင်ဟောင်း B.I ဟာ မူးယစ်ဆေးဝါး အလွဲ သုံးစားမှုစွဲချက်နဲ့ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ကိုရီးယားတိုင်းမ်သတင်းစာရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
နာမည်အရင်း ကင်မ်ဟန်ဘင်(Kim Han-bin)လို့ခေါ်တဲ့ B.I ကို ဆိုးလ်ဗဟိုခရိုင်တရားရုံးကနေ ထောင်ဒဏ် သုံးနှစ်နဲ့ဆိုင်းငံ့ပြစ်ဒဏ် လေးနှစ်ချမှတ်လိုက်တဲ့အပြင် ရပ်ရွာလူထုအတွက် နာရီ ၈၀ လုပ်အားပေးရန်၊ မူးယစ်ဆေးစွဲခြင်းအတွက် နာရီ ၄၀ ကုစားရန် နောက်ဆက်တွဲအမိန့်တွေပါ လိုက်နာရမှာဖြစ်ပါတယ်။
“သူက စူးစမ်းချင်စိတ်ကြောင့်မဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ခဲ့တာဖြစ်တယ်။ နာမည်ကျော် အနုပညာရှင် တစ်ယောက်ရဲ့မူးယစ်ဆေးစွဲတဲ့ပြစ်မှုဟာ အထူးသဖြင့်လူငယ်တွေအပေါ် တရားမဝင်မူးယစ်ဆေးသုံးမိစေဖို့ စေ့ဆော်ရာရောက်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းပေါ်ကြီးမားတဲ့သက်ရောက်မှုရှိပါတယ်” ဟု တရားရုံးက မှတ်ချက်ချသည်။
Photo-News1,xportsnews
အသက် ၂၅ နှစ်အရွယ်ရှိ အနုပညာရှင် B.I ဟာ နောင်တရနေပြီဖြစ်ပြီး သူ့အတွက်ဆင်းရဲဒုက္ခရောက်မယ့်အရေးကို ကျော်လွှားနိုင်ဖို့ ဝိုင်းဝန်းပံ့ပိုးပေးကြမယ်လို့ သူ့မိသားစုဝင်တွေက ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။
B.I ဟာ ၂၀၁၆ ခုနှစ်၊ ဧပြီလနဲ့ မေလတွေတုန်းကလည်း အသိမိတ်ဆွေတစ်ဦးဆီကနေ ဆေးခြောက်နဲ့ LSD ဆေးပြားအပါအဝင် တရားမဝင်မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲမှုစွဲချက်အတင်ခံခဲ့ရပြီး မူးယစ်ထိန်းချုပ်ရေးဥပဒေနဲ့ ငြိစွန်းခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက တရားရုံးကို နောက်ဆုံးအယူခံဝင်ခဲ့ပြီး သူ့ကိုနောက်ထပ်အခွင့်အရေးပေးဖို့ တောင်းဆို အသနားခံခဲ့ပါတယ်။
သူကို စီရင်ချက်ချတဲ့ စက်တင်ဘာ ၁၀ ရက်မှာ“ကျနော့်ကြောင့် နာကျင်ခဲ့ရတဲ့သူတွေ ခွင့်လွှတ်နိုင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကျနော် ကြိုးစားမယ်” လို့ B.I က ပြောခဲ့ပါတယ်။
Photo-Yonhap
ဂီတနဲ့ပတ်သက်လို့ သူ့ရဲ့အနာဂတ်အစီအစဉ်တွေကို သတင်းထောက်တွေက မေးမြန်းတဲ့အခါမှာ သူက ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
B.I ဟာ ပြီးခဲ့တဲ့မတ်လက တေးအယ်လ်ဘမ်တစ်ချပ် ထွက်ရှိခဲ့ပြီး မကြာသေးမီကလည်း အနုပညာရှင် လီးဟီ (Lee Hi)ရဲ့တစ်ကိုယ်တော်သီချင်းသစ်ဖြန့်ချိရာမှာလည်း ပါဝင်အားဖြည့်ခဲ့ပါသေးတယ်။
သူနဲ့ဆက်စပ်တဲ့ မူးယစ်ဆေးအရှုပ်တော်ပုံကြောင့် iKON အဖွဲ့ရဲ့ မူလဌာနေဖြစ်တဲ့ YG Entertainment ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ်မှ Yang Hyun-Suk နုတ်ထွက်ခဲ့ရသလို BLACKPINK ကဲ့သို့ K-pop အဖွဲ့အချို့လည်း ဂယက်ရိုက်ခဲ့ရပါတယ်။ ဒီဆေးအရှုပ်တော်ပုံကြောင့် B.I လည်း iKON အဖွဲ့ကို ကျောခိုင်းခဲ့ရပြီး YG Entertainment နဲ့ စာချုပ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။