ဆိုးလ်၊ စက်တင်ဘာ ၁၁
K-pop မိန်းကလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK ဟာ YouTube ဝက်ဘ်ဆိုက်မှာ စာရင်းသွင်း ကြည့်ရှုသူ (Subscribers) အရေအတွက်သတ်မှတ်ချက်အရ ကမ္ဘာနံပါတ်တစ် အနုပညာရှင်အဖွဲ့ဖြစ်လာတယ်လို့ အဲဒီအဖွဲ့က စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ကြောင်း ကိုရီးယားတိုင်းမ်သတင်းစာဝက်ဘ်ဆိုက်မှာ တွေ့ရပါတယ်။
စက်တင်ဘာ ၁၀ ရက်၊ ကိုရီးယားစံတော်ချိန် မွန်းလွဲ ၂း၄၂ မိနစ်မှာ YouTube Subscribers ၆၅ ဒသမ ၂ သန်းကျော် သွားခဲ့တဲ့အတွက် ကနေဒါနွယ်ဖွား ဂျက်စတင်ဘီဘာကိုတောင် ကျော်လွန်သွားတဲ့အောင်မြင်မှုပါလို့ YG ဖျော်ဖြေရေးကုမ္ပဏီက ဆိုပါတယ်။
“ မယုံနိုင်စရာပါ။ ဒါဟာ အံ့ဩဖို့ကောင်းတဲ့အခိုက်အတန့်လေးပါပဲ။ မိမိတို့အဖွဲ့ဟာ ဂီတနဲ့ဗီဒီယိုတွေကနေ တဆင့် အပြုသဘောဆောင်တဲ့ခွန်အားတွေပေးမယ့် အနုပညာရှင်တွေအဖြစ် ဆက်လက်ရပ်တည်သွားမှာပါ ” လို့ အဲဒီ အဆိုတော်အဖွဲ့ရဲ့ fan club တွေကို BLACKPINK က တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
BLACKPINK အဖွဲ့ဟာ သီချင်းသစ်တစ်ပုဒ်စီ ဖြန့်ချိပြီးတိုင်း သန်းနဲ့ချီတဲ့ subscribers တွေ တိုးလာခဲ့ကြောင်း၊ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လီဆာရဲ့ ပွဲဦးထွက်အယ်လ်ဘမ်ကို အရင်တစ်ပတ်ကပဲ ဖြန့်ချိခဲ့ကြောင်း YG ဖျော်ဖြေရေး ကုမ္ပဏီက ဆက်လက်ပြောကြားပါတယ်။
သူတို့အဖွဲ့ရဲ့ YouTube ချန်နယ်ဟာ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှာ စဖွင့်ခဲ့ပြီးတော့ နောက် ၅ နှစ်နဲ့ ၃ လအကြာမှာ နံပါတ်တစ်ဖြစ်လာခဲ့တာပါ။
BLACKPINK ရဲ့ YouTube ချန်နယ်မှာ ဗီဒီယိုဖိုင်ပေါင်း ၂၉ ဖိုင်ရှိပြီး တစ်ဖိုင်စီ ဝင်ရောက်ကြည့်ရှုသည့် အကြိမ်ရေပေါင်း သန်း ၁၀၀ စီရှိတဲ့အတွက် စုစုပေါင်းဗီဒီယိုဖိုင်အားလုံးအတွက် ကြည့်ရှုမှု ဘီလီယံ ၂၀ နီးပါးဖြစ်ပါတယ်။
Blackpink ၏ အောင်မြင်ကျော်ကြားသည့် သီချင်းများထဲမှ Kill this Love သီချင်းကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။