၂၀၂၁ ခုနှစ် ဩဂုတ် ၄

ဗြိတိန်ဝါရင့်အဆိုတော်ကြီး အယ်တန်ဂျွန် (Elton John) ဟာ လာမယ့်အောက်တိုဘာ ၂၂ ရက်ကျရင် သူ့ရဲ့တေးအယ်လ်ဘမ်သစ် ဖြန့်ချိဖို့ရှိတယ်လို့ အေပီသတင်းတစ်ပုဒ်ကို ကိုးကားပြီး foxnews.com က ဖော်ပြထားပါတယ်။

အဲဒီတေးအယ်လ်ဘမ်သစ်ထဲမှာ အယ်တန်ဂျွန်ဟာ နစ်ကီမီနာ့(Nicki Minaj)၊ယန်သာ့(Young Thug)၊ မိုင်လေးဆိုင်းရပ်စ် (Miley Cyrus)၊လယ်နက်အက်စ်(Lil Nas X)၊စတီဗီးနက်စ်(Stevie Nicks)နှင့် စတီဗီးဝင်ဒါစတဲ့ မျိုးဆက်သစ် ဂီတအနုပညာရှင်တွေနဲ့ တွဲဖက်ဖန်တီးထားတဲ့သီချင်းသစ်တွေ ပါဝင်မယ်လို့သိရပါတယ်။

The Lockdown Sessions လို့ အမည်ပေးထားတဲ့ အဲဒီတေးအယ်လ်ဘမ်အသစ်ထဲမှာ သီချင်း ၁၆ ပုဒ် စုစည်း ထားပြီး Interscope Records ကနေ အောက်တိုဘာ ၂၂ မှာ ဖြန့်ချိပါလိမ့်မယ်။ အယ်တန်ဂျွန်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၀ မတ်လတုန်းက သူ့ရဲ့ဖျော်ဖြေရေးခရီးစဉ်ဖြစ်တဲ့ Farewell Yellow Brick Road ကို Covid-19 ကြောင့် ဆိုင်းငံ့ လိုက်ရတဲ့အတွက် အခုတေးအယ်လ်ဘမ်သစ်ဖန်တီးဖို့ အချိန်ကောင်းကောင်းရသွားခဲ့ပါတယ်။ Rocket Hour ဆိုတဲ့ Apple ဂီတစကားဝိုင်းအစီအစဉ်ကနေ အခု တေးအယ်လ်ဘမ်သစ်မှာ ပါဝင်ဖန်တီးခဲ့ကြတဲ့ အနုပညာရှင် များစွာကို အယ်တန်ဂျွန် ချိတ်ဆက်နိုင်ခဲ့ပါတယ်။

ဒီတေးအယ်လ်ဘမ်သစ်အတွက် သီချင်းများကို အနုပညာရှင်များက ကပ်ရောဂါဘေးမှ လုံခြုံစိတ်ချရတဲ့ အကာအကွယ်များနှင့်အတူ အဝေးကနေ အသံသွင်းယူနိုင်ခဲ့ကြပါတယ်။

အယ်တန်ဂျွန်က ဒီတေးအယ်လ်ဘမ်ထဲမှာ သူ့အတွက် အကျွမ်းတဝင်မဖြစ်တဲ့ ဂီတတင်ဆက်မှုတွေထဲ နှစ်မြှုပ် ခဲ့တယ်လို့ ပြောကြားခဲ့ပြီး တချို့သီချင်းတစ်ပုဒ်တလေမှာ ဟစ်ဟော့၊ကန်းထရီးနဲ့ electronic dance music တွေ ရောနှောထည့်သွင်းထားပါတယ်။

“ဒီလို ဖန်တီးတင်ဆက်ရတဲ့အတွက် ထူးခြားတဲ့အရသာတစ်ခုရှိတယ်ဆိုတာ ကျနော် သဘောပေါက်မိပါတယ်။ ကျနော် ဂီတသက်တမ်း နှစ် ၆၀ ရှိတာမှာ lockdown နေရတဲ့အချိန်အတွင်း ဂီတအနုပညာရှင်တွေနဲ့ သတိတရ လက်တွဲပြီး ဖန်တီးကြည့်ပါတယ်။ အခုဆို ဒီဖန်တီးမှုလေးဟာ အပြည့်အဝ ဆုံးခန်းတိုင်ခဲ့ပါပြီ” လို့ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ အယ်တန်ဂျွန်က ရှင်းပြပါတယ်။

Source: AP, Fox News