ဟောင်ကောင်၊စက်တင်ဘာ ၃

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသည့် နာမည်ကျော် ဟောင်ကောင်အဆိုတော်တစ်ဦး ယခုလအကုန်ပိုင်းမှစ၍ ဟောင်ကောင်ထိပ်တန်းစင်တင်ပွဲများ၌ ဖျော်ဖြေခွင့်ပိတ်ပင်လိုက်ကြောင်း၊ ယင်းသို့ ပိတ်ပင်ရခြင်းမှာ တရုတ် ပြည်မကြီးရှိ အာဏာပိုင်များက ဖျော်ဖြေရေးနှင့်ယဉ်ကျေးမှုမြင်ကွင်းတွင် အနုပညာသမား၏ သဘောထားကွဲလွဲမှု ထင်ဟပ်စေခြင်းအပေါ် စိုးရိမ်ခြင်းကြောင့်ဟု အေပီသတင်းကို ကိုးကားလျက် နစ်ကိုင်းအေးရှား(ဂျပန်)ဝက်ဘ် ဆိုက်က ရေးသားဖော်ပြသည်။

အမျိုးသမီးတေးသံရှင် ဒင်းနစ်ဟို(Denise Ho)၏ ဖျော်ဖြေပွဲများအတွက် ရုံဝင်ခ ကြိုတင်ဘိုကင် မှာကြားဝယ်ယူ ထားမှုများကို ဟောင်ကောင်အနုပညာဌာနက ပယ်ဖျက်ခဲ့ရပြီး အများပြည်သူလုံခြုံရေးကြောင့်ဟု အကြောင်းပြ ခဲ့ကြောင်း ၎င်းတေးသံရှင်၏ကုမ္ပဏီဖြစ်သော Goomusic က စက်တင်ဘာ ၁ ရက်၌ ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်မှ အသိပေးထုတ်ပြန်ခဲ့သည်။

ဟောင်ကောင်၌ ၂၀၁၉ ခုနှစ် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ဒင်းနစ်ဟို တက်ကြွစွာပါဝင်ခဲ့၍ ၎င်းသည် တရုတ် အာဏာပိုင်များကို ဆန့်ကျင်သူဖြစ်ကြောင်း ဘေဂျင်းကို ထောက်ခံသည့် ‘တ-ခွန်-ပေါင်း’(Ta Kung Pao) သတင်းစာက စွပ်စွဲရေးသားပြီး ရက်ပိုင်းအတွင်း ယခုကဲ့သို့ပိတ်ပင်ခံရခြင်းဖြစ်သည်။

ဒင်းနစ်ဟိုသည် ပွင့်လင်းတက်ကြွသူဖြစ်ပြီး ၂၀၁၄ ခုနှစ်က ဟောင်ကောင်မြို့ ထီးလှုပ်ရှားမှု (Umberall Movement)တွင်လည်း ပါဝင်ခဲ့ပြီး ဟောင်ကောင်တွင် နှစ်ပေါင်းများစွာ ရရှိခဲ့သော လွတ်လပ်ခွင့်များ တရုတ်ပြည်မကြီးကြောင့် ဆုံးရှုံးရမည့်အရေးမှ ကာကွယ်ရန် ကြိုးပမ်းခဲ့သည်။

“၄၄ နှစ်ကြာ လည်ပတ်ခဲ့တဲ့ ခေတ်ပြိုင်အနုပညာကို ပံ့ပိုးပေးနေပြီး လွတ်လပ်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟောင်ကောင် အနုပညာဌာနကို အခု ကျနော်တို့ ဘာမှမေးလို့ မရတော့ပါဘူး။ ဒီလို အထောက်အထားမခိုင်လုံဘဲ စာချုပ်တွေ ထင်သလို ရပ်ဆိုင်းလို့ရပါသလား” ဟု Goomusic ၏ကြေညာချက်တွင် ဆိုထားသည်။

ယခုကဲ့သို့ အနုပညာပိတ်ပင်မှုကို ဟောင်ကောင်အနုပညာဌာနက ချက်ချင်း သဘောထားမှတ်ချက်ပေးခဲ့ခြင်း မရှိပါ။

ဒင်းနစ်ဟို၏ဖျော်ဖြေပွဲကို ယခုလဆန်း စက်တင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး လက်မှတ် များ ကြိုတင်ရောင်းချပြီးလည်း ဖြစ်သည်။

ယခုကဲ့သို့ ရှိုးပွဲဖျက်သိမ်းခြင်းသည် ယခင်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဟောင်ကောင်၏ ယဉ်ကျေးမှု ထွန်းကားခဲ့ခြင်းကို ဘေဂျင်းကို ထိန်းချုပ်တင်းကျပ်ရန် နောက်ဆုံးပစ်မှတ်တစ်ခုဟုလည်း အေပီက သတင်း ရေးသားထားသည်။

ဗြိတိန်က ဟောင်ကောင်ကျွန်းကို တရုတ်လက်သို့ ၁၉၉၇ ခုနှစ်က ပြန်လည်ပေးအပ်ပြီးနောက် ထိုစဉ်က ဘေဂျင်းကတိပြုခဲ့သော လွတ်လပ်ခွင့်ကို မျက်မှောက်ကာလတွင် ကန့်သတ်နေသည်ဟု ဝေဖန်သုံးသပ်သူများက စွပ်စွဲနေကြသည်။