၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈

မြန်မာနိုင်ငံတွင် ဒေါ်လာဈေးမြင့်တက်နေသည့်အတွက် လက်ရှိတွင် ပြည်တွင်းရော်ဘာဈေးနှုန်းမှာ တစ်ပေါင်လျှင် ၁၀၀၀ ကျပ်ဝန်းကျင်ခန့် ပေါက်ဈေးဖြင့် ဈေးကောင်းရနေကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ သိရသည်။

မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က“အဲဒီတော့ အခုလို မျိုး တစ်ပေါင် ၁၀၀၀ ပတ်ဝန်းကျင်ဆိုလို့ရှိရင်တော့ ဘာပဲဖြစ်ဖြစ် ရော်ဘာခြံသမားတွေအတွက် ဈေးကောင်း ရတယ်လို့ ပြောရမှာပေါ့နော်။ တစ်ပေါင်ကို ၇၀၀ အောက်ဆင်းသွားရင်တော့ ရော်ဘာခြံသမားတွေအတွက်က သိပ်ပြီးတော့ အမြတ်မကျန်ဘူးပေါ့ ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ကာလတူနှစ်က ပြည်တွင်းရော်ဘာဈေးကွက်မှာ တစ်ပေါင်လျှင် ကျပ် ၇၀၀ ဝန်းကျင်သာ ရရှိခဲ့ကြောင်း သိရသည်။

သို့သော် ယခုနှစ်အတွင်း ဒေါ်လာဈေး တစ်ရှိန်ထိုးတက်ခဲ့သည့်ကာလက ပြည်တွင်းရော်ဘာဈေးမှာ ၁၂၀၀ ကျပ် အထိဖြစ်ခဲ့ပြီး ထိုကာလနှင့်ယှဉ်ပါက ဈေးအနည်းငယ်လျော့နည်းသွားသည်ကို တွေ့ရသည်။

ဒါ့အပြင် ပြည်ပပေါက်ဈေးမှာ ၁၈၀၀ ကျပ် ဝန်းကျင်မှာရှိပြီး မြန်မာ့ရော်ဘာသည် ပြည်ပတင်ပို့မှု၌ ၁၅၀၀ ကျပ် ဝန်းကျင်သာရနေသည့်အတွက် ပုံမှန်အနေအထားသာဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ထွက်ရှိသည့် ရော်ဘာအနက် ၈ ရာခိုင်နှုန်းကိုသာ ပြည်တွင်း၌ အသုံးပြုကြပြီး ကျန် ၉၂ ရာခိုင်နှုန်း သည် ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ကြောင်းသိရသည်။

ပြည်ပနိုင်ငံသို့ တင်ပို့ရာတွင် မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိဒ္ဒိယ စသည့်နိုင်ငံများသို့ တင်ပို့ကာ တစ်နှစ်လျှင် မြန်မာနိုင်ငံမှထွက်ရှိသည့် ရော်ဘာများအနက် ၇၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့တင်ပို့နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရော်ဘာပင်များအား မိုးဦးကျကာလတွင် စတင်စိုက်ပျိုးကာ ၇ နှစ်အထိ ဝင်ငွေ၊အထောက်အပံ့ မရရှိဘဲ စိုက်ပျိုးရကြောင်းသိရသည်။

“ကျနော်တို့ ရော်ဘာ ကဏ္ဍကို နိုင်ငံတော်အနေနဲ့ ဘယ်တုန်းကမှ ကြည့်ရှုပြီးတော့ ထောက်ပံ့ပြီးတော့ ဂရုတစိုက် လုပ်ခဲ့တာမရှိခဲ့ဖူးဘူး။ ချေးငွေတွေလည်းမပေးဘူး။ သူ့အတွက်လိုအပ်ချက်တွေလည်း ပံ့ပိုးမှုတွေ မရှိဘူး။ အခုချိန် မှာဆိုလို့ရှိရင် ကျနော်တို့ရော်ဘာကဏ္ဍဟာ ဘာပဲပြောပြော နိုင်ငံတော်ရဲ့ နိုင်ငံခြားငွေကို ပုံမှန်ရှာဖွေပေးနိုင်တဲ့ စိုက်ပျိုးရေးထုတ် ကုန်တစ်ခုဖြစ်တာပေါ့” ဟု မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးခိုင်မြင့် က ပြောသည်။

မြန်မာနိုင်ငံတွင် ရော်ဘာများအား မွန်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး ကရင်ပြည်နယ်၊ ပဲခူးနှင့် ရန်ကုန်တိုင်း တို့တွင်လည်း စိုက်ပျိုးကြကာ ရော်ဘာပင် စိုက်ပြီးသား ဧကပေါင်း တစ်သန်း ‌ခြောက်သိန်း လေးသောင်းခန့်ရှိပြီး ၎င်းထဲမှ ဧကပေါင်း ရှစ်သိန်းခွဲခန့်သာ လက်ရှိထုတ်လုပ်ကာ ကျန်အပင်များမှာ ထိန်းသိမ်းဆဲကာလဖြစ်သည့် အတွက် အစေးထုတ်ခြင်း မပြုလုပ်သေးကြောင်းသိရသည်။

ရော်ဘာပင်မှ အစေးထုတ်သည့်အခါတွင် ဓားဖြင့်ခြစ်ကာ ရလာသည့်အ‌စေးများအား ရော်ဘာပြားပြုလုပ်သည့် စက်ရုံသို့ပို့ဆောင်ရပြီး ရော်ဘာပြားထွက်လာရန် အဆင့်ဆင့်လုပ် ဆောင်ရသည်။