၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈

ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း မောင် တော နယ်စပ်ကုန်သွယ်ရေး စခန်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာ၌ ကုန်ကားများ လာရောက်မှု နည်းပါးခြင်းကြောင့် ကုန်သွယ်မှုကျဆင်းနေသည်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ထံမှ သိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဒုတိယဥက္ကဌ ဦးအောင်စံသိန်းက “အခြေအနေက မရှိသလောက် ဖြစ်သွားတယ် ဒီမှာလေ။ အရင်က ၃/၄/၅ စီး ထွက်တဲ့နေရာမှာ အခု တစ်စီးထွက်နေဖို့တောင် အနိုင်နိုင်ပေါ့နော်။ ကုန်စည် စီးဆင်းမှု ကုန်မရောက်ဘူးလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးတွင် ကညင်ချောင်းစီးပွားရေးဇုန်နှင့် အမှတ် (၁) အဝင်အထွက်စခန်း POE ဟူ၍ ကုန်သွယ် ရေးစခန်း နှစ်ခု ရှိသည်။

လက်ရှိတွင် ကညင်ချောင်းစီးပွားရေးဇုန်သည် လမ်းပိုင်းပျက်စီးနေခြင်းကြောင့် အမှတ် (၁) အဝင်အထွက်စခန်း POE တွင် ကုန်သွယ်မှု ပြုလုပ်နေကြရသည်။

POE ၌ ကုန်သွယ်မှု ပြုလုပ်ရာတွင် ဒီရေ အတက်အကျ စောင့်ဆိုင်းရခြင်းနှင့် ကုန်သွယ်မှု အခွန်နှုန်းထား မြင့်တက်လာခြင်း များကြောင့် ကုန်သည်များသည် လက်ရှိအချိန်မှာ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းကိုသာ အသုံးပြု၍ ကုန်သွယ်နေကြရ သည်ဟု မောင်တောနယ်စပ်ကုန်သည်တစ်ဦးဖြစ်သူ ဦးအောင်နိုင်က CNI သတင်းဌာနသို့ ရှင်းပြသည်။

၎င်းက“ကျနော်တို့ ကိုယ်တိုင်က မောင်တောဆိပ်ကမ်းကနေ မသွားဘူး။ ကျနော်တို့ စစ်တွေကနေ သွားတာပါ။ မောင်တော ကနေ မသွားဘဲ စစ်တွေ ကုန်သွယ်ရေးကနေ သွားတာကတော့ အကြောင်းအရာအားဖြင့် နှစ်ရပ်ပါ။ လောလောဆယ် ကျနော် ကြားတာ သူတို့ နှစ်ရာခိုင်နှုန်း ပိုတောင်းတယ်တဲ့ အရင်ထက်။ POE စခန်းက ရေအတက်အကျနဲ့ အဆင်မပြေပါဘူး။ ကညင် ချောင်း စီးပွားရေးဇုန်ကို ပြောင်းမှ ကျနော်တို့ မောင်တောကို ကျနော်တို့ ဆွဲမှာ။ လောလောဆယ်တော့ ကျနော်တို့ စစ်တွေ ကနေပဲ သွားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 

ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းများကို အောက်တိုဘာ လ ၁၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှု စတင်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်အထိ နှစ်ပတ်တာအတွင်း ကုန်သွယ်မှု  အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်း ကုန်သွယ်နိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်သည်မှာ တစ်လမျှသာ ရှိသေးသည့်အတွက် ဈေးကွက်များ ပြန်လည်ရှာဖွေနေရကြောင်း၊ ဈေးကွက်ပြန် လည် ရရှိလာမှသာလျှင် ကုန်သွယ်ရေး အလားအလာ တိုးတက် ကောင်းမွန်လာမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးကတော့ အခုမှ ကျနော်တို့ စဖွင့်တယ်။ ဖွင့်တာ တစ်လတောင် မပြည့်သေးဘူးပေါ့လေ။ တစ်လတောင် မပြည့်သေးတဲ့ အနေအထားမှာတော့ ကျနော်တို့ လက်ရှိကတော့ တော်တော်လေးကို တစ်ဖက်နိုင်ငံမှာ ကျနော်တို့ ဈေးကွက် တွေ ပြန်ရဖို့အတွက် ကြိုးစားပြီးတော့ ကုန်သည်တွေရော၊ ကုန်သည်လုပ်ငန်းရှင်တွေကနေပြီးတော့ တော်တော်လေးကို ကြိုးစားပြီးတော့ လုပ်နေရတဲ့ အနေအထားတော့ မြင်ပါတယ်။ ကျနော်တို့ ဆီကတော့ အဓိကတော့ နောက်ပိုင်းတော့ ကုန် သွယ်မှု ပမာဏ တဖြည်းဖြည်း မြင့်လာဖို့တော့ မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ အခုဟာက ငါးတင်ပို့မှုတွေပေါ့ လေ။ ငါးတင်ပို့မှုတွေလည်း တော်တော်လေးကို ပို့မယ်ဆိုတဲ့ ကျနော်တို့ဆီမှာ လာပြီး စုံစမ်းတဲ့ဟာလေးတွေ အဲဒါမျိုးတွေ တော့ ကျနော်တို့ တွေ့နေရတဲ့အတွက် တဖြည်းဖြည်းတော့ ပြန်ပြီးတော့ ကုန်သွယ်မှု အခြေအနေကတော့ ကောင်းလာနိုင် တယ်လို့တော့ ကျနော်တို့ သုံးသပ်ထားပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်း ဝင်ရောက်လာမှုကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းတို့ကို ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ရပြီး သုံးလခန့်အကြာ အောက်တိုဘာလ ၁၃ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

ရခိုင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကပို့ကုန်များမှာ ကြက်သွန်၊ ငါးခြောက်၊ ကွမ်းသီး၊ ဇီးယို၊ ကွေကာအုပ်၊ မကျည်းသီး၊ မကျည်းစေ့၊ သနပ်ခါး၊ အထည်အလိပ်၊ ခေါက်ဆွဲ၊ အလှကုန်ပစ္စည်းများနှင့် ဖိနပ်များဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သွင်းကုန်များမှာ ပလပ်စတစ်ပစ္စည်းများနှင့် ရေတိုင်ကီဗူးများဖြစ်ကြောင်း သိရသည်။