CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉
အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ကာ တရားမဝင်ဝင်ရောက်မှု များပြား လာခြင်းသည် ပွဲစားများ၏ မက်လုံးပေးမှုများကြောင့်နှင့် အလုပ် အကိုင်ဝင်ငွေရှားပါးလာသည့်အတွက်ကြောင့် ဟု ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“ဒီအချိန်ကတော့ ပြောရမယ်ဆိုရင် ပွဲစားတွေရဲ့အကြိုက်လည်းဖြစ်နေတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ကလည်း ဒီလောက်အခက်အခဲကြီး ဒုက္ခထဲမှာ ရွေးစရာနည်းလမ်းက ဈေးပေါပေါနဲ့သွားလို့ရတာ အိမ်နီးချင်းဆိုလို့ ထိုင်းတစ်ခုပဲရှိတယ်လေ။ တရုတ်ကလည်း ခက်သွားပြီ။ နောက် မလေးရှားရှိမယ်။ အဲ့ဒါကိုပဲ ရတဲ့နည်းနဲ့ သူတို့ ထွက်နေကြတာပေါ့။ နောက်တစ်ခုကတော့ ပွဲစားတွေရဲ့ မက်လုံးပေးမှုတွေပေ့ါ။ ဒါကတော့ အဓိကပေါ့။ ကိုယ့် အတွက်ချည်းပဲ ကြည့်ပြီးတော့ အဲ့ဒီလိုမက်လုံးပေးပြီးတော့ ခေါ်နေတဲ့အခါကျတော့ တချို့တွေက ပိုက်ဆံ တွေလည်းကုန် ဒီရောက်တော့ အဖမ်းခံရ ပြန်ပို့ခံရ မိအေး ၂ ခါ ၃ ခါလောက် နာကြတယ်”ဟု ဦးမင်းဦးက ပြောသည်။
ပုံစာ - ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားများကို တွေ့ရစည်(ဓါတ်ပုံ-piyarat choncharoen)
ယခင်ကလည်း ထိုကဲ့သို့ အထောက်ထားမဲ့ မြန်မာနိုင်ငံသားများ တရားမဝင်ဝင်ရောက်မှု ရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကြောင့် အလုပ်အကိုင်ဝင်ငွေ ရှားပါးလာသည့်အတွက် ယခင်ကထက် ပိုများလာခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံအတွင်း လုပ်သားလိုအပ်ချက်ကို ဖြေရှင်းရန် ရွှေ့ပြောင်းလုပ်သား ၈၀၀၀၀(ရှစ်သောင်း)ကို ဆောလျင်စွာ ခေါ်ယူခွင့်ပြုမည်ဆိုသည့်ကိစ္စရပ်အပြင် အထောက်အထားမဲ့ တရားမဝင်အလုပ်သမားများအား မှတ်ပုံတင်ခွင့်ပြု မည်ဆိုသည့် အချက်များကြောင့် ထိုင်းနိုင်ငံသို့ နေ့စဉ် အစုလိုက်အပြုံလိုက် တရားမဝင်ဝင်ရောက်မှုများပြား လာကာ နေ့တိုင်းနီးပါး ဖမ်းဆီးခံရမှုများ ရှိနေခြင်းဖြစ်သည်။
ထိုသို့ တရားမဝင် သွားရောက်ရာတွင် နေရာပေါ်မူတည်ကာ တစ်ဦးလျှင် ပွဲစားခ ဘတ် ၁၅၀၀၀(တစ်သောင်းခွဲ) မှ ဘတ် ၃၀၀၀၀(သုံးသောင်း) ဝန်းကျင်အထိ ပေးရကာ (ဘတ်တစ်သောင်းလျှင် မြန်မာငွေငါးသိန်းခန့်) အကုန်ကျခံ ဝင်ရောက်ရခြင်းဖြစ်ပြီး ထားဝယ်၊ ပဲခူးတိုင်းဒေသကြီး၊ မော်လမြိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်များမှ ဖြစ်ကြောင်းသိရသည်။
ပုံစာ - ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားများကို တွေ့ရစည်(ဓါတ်ပုံ-piyarat choncharoen)
ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက “ကျနော်တို့ ဟိုးတုန်းကတည်း က နေလာတဲ့ကာလမှာ ဒီလောက်များများစားစားတွေ ဖမ်းမိတယ်ဆိုတာ မတွေ့ဖူးဘူး။ ဒါကတော့ တော်တော် လေးကို ဆိုးတာပါ။ ထိုင်းအစိုးရကနေပြီးတော့အလုပ်သမားလိုအပ်ချက်အရခေါ်မယ်။ တရားမဝင်တဲ့ သူတွေ ကိုလည်း မှတ်ပုံတင်ခွင့်ပြုမယ်လို့ပြောလိုက်တဲ့အခါကျတော့ ပိုဆိုးကုန်တာပေါ့။ အဲဒီတော့ ကြားထဲက အကျိုး အမြတ် ရတာကတော့ ပွဲစားတွေပဲ အကျိုးအမြတ်ရတာ။ ဒီလူတွေ ဒီလိုမျိုး လာနေတာကလည်း နှစ်ဖက် နှစ်ခြမ်း လုံးမှာက လိုနေတာ” ဟု ပြောသည်။
အများဆုံးဖမ်းမိသည့်နေရာမှာ မွန်ပြည်နယ် ဘုရားသုံးဆူ နယ်စပ်မြို့နှင့် ထိစပ်နေသော ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်တွင်ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်တွင်လည်း မြန်မာနိုင်ငံသား ၁၃၂ ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီး ရမိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဒါ့အပြင်၂၀၂၀ မတ်လမှ ယခုနှစ် သြဂုတ်လအထိ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား လေးသောင်းကျော်ကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းနိုင်ငံ အရေးပေါ်ကာလထိန်းချုပ်ရေးကော်မတီကလည်း ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ဖမ်းဆီးခံခဲ့ရသူ အများစုသည် လူလတ်ပိုင်းများဖြစ်ကာ ၎င်းထဲမှ သုံးသောင်းကျော်အား နေရပ်ပြန်ပို့ပေး ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ အထောက်ထားမဲ့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်ခဲ့မှုသည် ယခုနှစ် စက်တင်ဘာလ ထက် အောက်တိုဘာလတွင် ၂ ဆ ပိုမိုမြင့်တက်ခဲ့ကြောင်း သိရသည်။