CNI International News
ဘန်ကောက် ၊နိုဝင်ဘာ ၉
ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်ရန် ကြိုးပမ်းသည့် တရားမဝင် ရွှေ့ပြောင်းလုပ်သား အရေအတွက် တိုးလာခြင်း၊ ၎င်းတို့နှင့် ဆက် စပ် Covid ကူးစက်ခံရသူများ ရှိနေခြင်းတို့အပေါ် အရှိန် အဟုန်မြှင့် ဆောင်ရွက်ရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောသည်။
အဆိုပါ ပြဿနာများနှင့် လုပ်သားရှားပါးမှု ဖြေရှင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးဌာနသို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လမ်းညွှန်ချက် ပေးထားကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်၏အမိန့်အရ ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် နိုဝင်ဘာ ၈ ရက်တွင် လုပ်ငန်းရှင်များနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs)ထံမှ တင်သွင်းသည့် အလုပ် သမားဆိုင်ရာ အဆိုပြုချက်များကို စတင်ဆွေးနွေးခဲ့ကြောင်း ဝန်ကြီး စူချက်ချွမ်ကလင်က ပြောသည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သား အုပ်စုများသည် အစိုးရ၏ Covid-19 ထိန်းချုပ်ရေး အစီအမံများကို အတိအကျလိုက်နာရန် လိုအပ်နေသေးကြောင်းနှင့် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်၌ ချမှတ်ခဲ့သော အစိုးရ၏ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ဆုံးဖြတ် ချက်နှင့်အညီ လမ်းညွှန်ချက်များကို ကိုးကားလျက် ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားထားသည်။
ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်ထဲတွင် ထိုင်းနိုင်ငံတွင် ရှိနှင့်ပြီးသား ရွှေ့ပြောင်း လုပ်သားများကို တရားဝင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ရန် ခွင့်ပြုထားကြောင်း ဖော်ပြထားသည်။
ပုံ-မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်။
အိမ်နီးချင်း နိုင်ငံများနှင့် နားလည်မှု စာချွန်လွှာ အသစ်အရ ရွှေ့ပြောင်းလုပ်သားများ ပိုမိုခေါ်ယူရေး အစီအစဉ်သစ်အတွက် အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်အကိုင် ရေးရာဦးစီးဌာနသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန အပါအဝင် အခြားပြည်နယ် အစိုးရအဖွဲ့များနှင့် နိုဝင်ဘာ ၁၁ ရက်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဆိုသည်။
ထို့နောက် ပြည်သူ့ ကျန်းမာရေးဌာနနှင့် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့တို့ဖြင့် ဆက်လက် ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။
“ကျနော့်ဝန်ကြီးဌာနက လုပ်ငန်းအတော်များများအတွက် ရွှေ့ပြောင်း လုပ်သားရှားပါးမှုကို လျစ်လျူမရှုဘဲ သက်ဆိုင်ရာ အစိုးရတွေရဲ့ ခွင့်ပြုချက်အတိုင်း နိုင်ငံခြားသားလုပ်သားတွေ ပိုခေါ်ပေးဖို့ စဉ်းစားနေပါတယ်” ဟု စူချက်ချွမ်ကလင်က ပြောသည်။
ထိုင်းသို့ အလုပ်ရှာရန် ကြိုးပမ်းကြသည့် တရားမဝင် ရွှေ့ပြောင်းလုပ်သားဦးရေ ပိုများလာခြင်းအတွက် ပြည်ထဲရေးနှင့် အခြား လုံခြုံရေးအာဏာပိုင်များ ပူးပေါင်းကာ လူကုန်ကူးမှုများကို ကိုင်တွယ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပြဿနာနှင့် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်မိကြောင်း အစိုးရပြောခွင့်ရသူ သနာခွန်ဝမ်ဘောင်ကောင်ချာနာက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြထား သည်။
နိုဝင်ဘာ ၁ ရက်မှစ၍ ကိုဗစ်-၁၉ ဆိုင်ရာအစီအမံများ ဖြေလျော့ပြီး ထိုင်းအစိုးရက ပြည်တွင်းဝင်ခွင့်ကို ပြန်ဖွင့်ပေးခဲ့ပြီးနောက် ရက်သတ္တပတ် တစ်ပတ်အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံထားရသော ရွှေ့ပြောင်းလုပ်သား ၂၈၀၀ ကျော်သည် စိုးရိမ်ဖွယ် အရေအတွက် ဖြစ်ကြောင်း သနာခွန်ဝမ်ဘောင်ကောင်ချာနာက ဆက်လက် ပြောကြားခဲ့သည်။