CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှု ပြုလုပ်နေသည့် မောင်တောမြို့ရှိ ကညင်ချောင်း စီးပွားရေး ဇုန်သည် မိုးရာသီကာလ လမ်းပိုင်းပျက်စီးမှုများရှိခြင်းကြောင့် ကုန်ကားများဝင်ရောက်မှု ခက်ခဲနေသည့်အတွက် လက်ရှိအချိန်တွင် ပြုပြင်မှုများ ပြုလုပ်နေကြောင်း မောင်တောကုန်သည်များထံမှ သိရသည်။

ကညင်ချောင်း စီးပွားရေးဇုန်လမ်းပိုင်းကို လက်တလောတွင် ကျောက်ခင်းလမ်းအနေအထားဖြင့်သာ လုပ်ဆောင် နေခြင်းဖြစ်ပြီး ကွန်ကရစ်လမ်း မဟုတ်သည့်အတွက် မိုးရာသီတွင် အခက်အခဲ ပြန်ဖြစ်လာနိုင်သည်ဟု မောင်တော ကုန်သည်တစ်ဦးဖြစ်သူ ကိုကျော်ဝင်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“ကွန်ကရစ်တော့ မလုပ်သေးပါဘူး။ ကွန်ကရစ်က သူတို့က အစိုးရနဲ့ ချိတ်ဆက်ပြီးတော့ ဘတ်ဂျက်ငွေရမှ လုပ်မယ့်သဘော ကြားပါတယ်။ အခု လောလောဆယ်တော့ ကျနော်တို့က အဲဒီမှာ ကျောက်ချောလမ်းပေါ့။ ကျောက်တွေခင်းပါတယ်။ အပေါ်က သဲတွေခင်းပါတယ်။ အခု ပွင့်လင်းရာသီဆိုတော့ သွားနိုင်လောက်ပါတယ်။ ဒါပေမယ့် အခုလောလောဆယ် မိုးရာသီမဟုတ်တဲ့ကာလဆိုတော့ ပြဿနာတော့ သိပ်မရှိနိုင်ပါဘူး။ မိုးရာသီ ကာလရောက်လို့ လမ်းတွေ အမြန်ဆုံး မပြုပြင်ပြီးရင်တော့ အခက်အခဲ ရှိနိုင်ပါတယ်”ဟု ပြောသည်။

မောင်တောမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်သွယ်ရေးစခန်း နှစ်ခုရှိပြီး အမှတ် (၁) အဝင်အထွက်စခန်း POE နှင့် ကညင်ချောင်းစီးပွားရေးဇုန်တို့ ဖြစ်သည်။

လက်ရှိ ကညင်ချောင်းစီးပွားရေးဇုန်လမ်းပိုင်း ပျက်စီးနေ၍ ပြုပြင်မှု ပြီးစီးနိုင်ခြင်း မရှိသေးခြင်းကြောင့် ကုန်သည် များအနေဖြင့် အမှတ် (၁) အဝင်အထွက်စခန်း POE တွင် ကုန်သွယ်မှု ပြုလုပ်နေကြရသည်။

အဆိုပါ POE တွင် ကုန်သွယ်ရာ၌ ဒီရေအတက်အကျကို စောင့်ဆိုင်းရခြင်းကြောင့် မောင်တောကုန်သည် အများစု သည် သင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြောင်းလဲ ကုန်သွယ် နေကြရကြောင်း မောင်တောကုန်သည် ဦးအောင်နိုင်က CNI သတင်းဌာနကို ပြောသည်။

“သက်ရောက်မှုနဲ့ ပတ်သက်ရင်တော့ သက်ရောက်မှု ရှိပါတယ်။ ရေနက်ဆိပ်ကမ်းဖြစ်တာကြောင့်မို့လို့ ကျနော်တို့ တစ်နေကုန် အားကိုးလို့ရမှာပေါ့။ အခုက POE ဘက်ကနေ ကျနော်တို့ အားကိုးလို့မရဘူး။ ဒီရေအတက်အကျနဲ့ သိပ်အဆင်မပြေဘူး။ စိုးရိမ်စိတ်ရှိလို့ ကျနော်တို့ စစ်တွေကနေ သွားတာပေါ့” ဟု ပြောသည်။

အဆိုပါ ကညင်ချောင်းစီးပွားရေးဇုန်လမ်းပိုင်း ပျက်စီးနေမှုနှင့် ပတ်သက်ပြီး ပြန်လည်ပြုပြင်နေမှု အစီအစဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “ကညင်ချောင်းစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီးတော့ ဇုန်အဝင်လမ်းပေါ့နော်၊ မိုးရာသီတုန်းက ပျက်ထားတာရှိတယ်။ အဲဒါကို ပြင်ဖို့ ညှိနှိုင်းထားတာရှိတယ်။ ဒီ့အပြင် ဝိတ်များတဲ့ကားတွေ ၁၃ တန်အထက်ကားတွေ မသွားဖို့ ညှိနှိုင်း ထားတယ်။ ညှိနှိုင်းထားတဲ့အပိုင်းတွေ ဘယ်လောက်အကောင်အထည် ဖော်ထားလဲဆိုတာ ငါတော့ မသိဘူး။ ကွင်းဆင်းတဲ့သူ မဟုတ်တော့လေ” ဟု CNI သို့ ပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးတွင် ကညင်ချောင်းစီးပွားရေးဇုန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် နာရီဝက်ခန့်သာ ကြာမြင့်ခြင်းနှင့် ဒီရေအတက်အကျ စောင့်ဆိုင်းစရာ မလိုသည့်အပြင် မနက်မှ ညနေအထိ ကုန်သွယ်မှု ပြုလုပ်နိုင်သည်ဟု ကုန်သည်များထံမှ သိရသည်။

ကညင်ချောင်း စီးပွားရေးဇုန်အား ပြည်နယ်အစိုးရအဖွဲ့နှင့် ကညင်ချောင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်းကာ အစိုးရမှ ငွေကျပ်သိန်းပေါင်း ၂၅၀၀၀(နှစ်သောင်းခွဲ) နှင့် ပုဂ္ဂလိကဖက်မှ ငွေကျပ် သိန်းပေါင်း ၁၃၄၀၀(တစ်သောင်းသုံးထောင့်လေးရာ) စုစုပေါင်းငွေကျပ်သိန်းပေါင်း ၃၈၄၀၀ (သုံးသောင်း ရှစ်ထောင့်လေးရာ) ဖြင့် မြေဧက ၅၀ ခန့်တွင် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ကာ ကုန်သွယ်ရေးဇုန်အဖြစ် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။