CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၉

ထိုင်းနိုင်ငံသို့ MOU လုပ်သားများအား လာမည့် ဧပြီ ၂၉ ရက်နေ့မှ စတင်ကာ ရန်ကုန်-ဒွန်မောင်း လေကြောင်း ခရီးဖြင့် စေလွှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF မှ CNI သတင်းဌာနသို့ ပြောသည်။

MOU လုပ်သားများအား ၎င်းလမ်းကြောင်းဖြင့် စေလွှတ်ရန် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးနေခဲ့ကြသည်မှာ ၁ နှစ်ကျော် ခန့်ရှိနေပြီး လက်ရှိတွင် မြဝတီလမ်းပိုင်းမှာ လုံးဝသွားလာ၍ မရတော့သည့်အတွက်ကြောင့် ယခုကဲ့သို့ စေလွှတ် ရေးလုပ်ငန်းစဉ် ဖြစ်မြောက်သွားခြင်းဖြစ်ကြောင်း MOEAF မှ အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူက CNI သတင်းဌာနသို့ ပြောသည်။

“သူတို့ညှိတာ ကြာနေတာ။ အခုမှ ရသွားတာ။ အခုမှရတာနဲ့ ဒီ မြဝတီပိတ်တာ သွားတိုက်တာပါ။ အမှန်မှန်က လေကြောင်းလိုင်း စီစဉ်တာ တော်တော်ကြာပါပြီ နှစ်နဲ့ချီနေပြီ။ ပထမဆွဲထားတာတော့ လူ ၁၀၀ စာကို တစ် ကြောင်း အဲဒီလိုဆွဲထားတာပေါ့။ နောက်ပိုင်း လူများလာရင်တော့ ထပ်တိုးမှာပေါ့။ အဲဒီနေ့ ၂၉ ရက်နေ့က စဆွဲမယ်၊ ၂၉ ရက်နေ့ကို လက်မှတ်တွေ ဟိုနေ့က လုပ်လိုက်တဲ့အခါ တစ်ရက်တည်းနဲ့ကောက်တာ ၂၉ ရက်က တစ်ရက်တည်းနဲ့ ပြည့်သွားတယ်လေ။ ၁ ရက်တည်းနဲ့ပြည့်သွားတော့ အဲဒီနေ့ကို ထပ်ဆွဲရမလား၊ နောက်နေ့ကို ဆွဲရမလား ပြန်စီစဉ်ရတာပေါ့ ဘယ်နှစ်ကြောင်းဆွဲမလဲ။ လေကြောင်းလိုင်းကတော့ ၂၉ ရက်နေ့ စဆွဲမယ်။ ရန်ကုန်-ဘန်ကောက် ခရီးစဉ်က ပိုကောင်းတာပေါ့နော်။ သူက တစ်ခါတည်း ရောက်သွားမှာကို။ ဟိုကနေကြ (ကော့သောင်း-ရနောင်း) ထပ်ပြီးတော့ ပြန်လှည့်ရမယ်လေ။ ပြည်ပဈေးက ပြည်တွင်းဈေးလောက်ပဲ ရှိမယ်။ ဒီမှာတောင် ၅ သိန်းပေးနေရတာ ရန်ကုန်-ကော့သောင်းတောင်မှ။ တစ်ခါတစ်လေ ၅ သိန်း ၆ သိန်းလောက် ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

ယခင်က MOU လုပ်သားများအား အာရှလမ်းသစ် အသုံးပြု၍ မရသေးသဖြင့် လမ်းဟောင်းဖြစ်သော ထို့ကော်ကိုး - ကျော်ခို့လမ်းမှလည်းကောင်း၊ ကော့သောင်း-ရနောင်းလမ်းမှလည်းကောင်း စေလွှတ်နေခြင်း ဖြစ်သည်။

MOU လုပ်သားများကို သက်ဆိုင်ရာမှ စစ်ဆေးနေစဉ်

သို့သော် ကရင်ပြည်နယ် ကော့ကရိတ်၊ မြဝတီ၊ သင်္ကန်းညီနောင်စသည့် နေရာများတွင် မြန်မာ့တပ်မ‌တော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA, ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပိုမို ပြင်းထန်နေသည့်အတွက် ထို့ကော်ကိုး - ကျော်ခို့လမ်းမှတဆင့် MOU လုပ်သားစေလွှတ်ခြင်းကို ရပ်နားခိုင်း ထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံက သိရသည်။

MOU လုပ်သားများ စေလွှတ်ရာတွင် သင်္ကြန်မတိုင်မီ အပြီးသတ်စေလွှတ်ရမည့်အသုတ်နှင့် သင်္ကြန်ပြီးနောက် စေလွှတ်ရမည့် အသုတ်ဟူ၍ ရှိသောကြောင့် လက်ရှိတွင် ကော့သောင်း-ရနောင်းလမ်းဖြင့်သာ အချိန်မီ MOU လုပ်သားများ စေလွှတ်နေရကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “မြဝတီလမ်းက လုံးဝပိတ်လိုက်ပြီ။ လုံးဝပိတ်ပစ်လိုက်ပြီ။ ပထမက ထို့ကော်ကိုးလမ်းကနေ ပို့ပေးနေတယ် အဆင်ပြေကြတယ်လေ။ အခုက တိုက်ပွဲတွေ ဖြစ်လိုက်တော့ လုံးဝသွားလို့မရတော့ဘူး။ သွားတဲ့ကားတွေတောင် အကုန်ပြန်စေလွှတ်တယ်။ service ကုမ္ပဏီက တာဝန်ယူထားတော့ service ကုမ္ပဏီကနေ အစအဆုံး လုပ်သွားမှာ။ သူတို့စီမံခန့်ခွဲမယ်၊ သူတို့ line up လုပ်မယ်၊ လေယာဉ် ၃ စီးလို့ကြားတယ်။ shuttle flight ၃ စီးနဲ့ ဆွဲမယ်။ ဘာလို့ဆို ထိုင်းက တစ်ရက်ကို ၈၀၀ လောက်ထွက်နေတာကို။ တစ်နေ့ ၃ စီးဆိုမှ လူ ၃၆၀။ အဲဒီတော့ သူ့ဟာသူအလှည့်နဲ့သွားကြပေါ့။ ဒါပဲ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

သို့သော် လေကြောင်းဖြင့် စေလွှတ်ခြင်းဖြစ်သည့်အတွက် ထပ်တိုးကုန်ကျစရိတ်အား သွားရောက်မည့် MOU လုပ်သားများဘက်မှ ကျခံရမည်ဖြစ်သည်။

ယခင်က မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားမှ MOU လုပ်သားများအား ပုံမှန်စေလွှတ်နေကြ ဖြစ်သည့်အတွက် ထိုင်းဘက်အခြမ်း၌ ကြိုဆိုရေးစခန်းများမှာလည်း ၎င်းဘက်တွင် ရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့် ဧပြီ ၂၉ တွင် ရန်ကုန်-ဒွန်မောင်း လေကြောင်းဖြင့် MOU လုပ်သားများအား စတင် စေလွှတ်မည်ဖြစ်သောကြောင့် ထိုင်းဘက်မှ ကြိုဆိုရေးစခန်းများအား ၎င်းဘက်သို့ ပြောင်းရွှေ့ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။