CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄

မျိုးဆက်သစ် လူငယ်များအကြား ရေပန်းစားသည့် Vice Media ကုမ္ပဏီက ၎င်း၏ ဝက်ဘ်ဆိုက်တွင် သတင်း အကြောင်းအရာသစ်များကို တင်ဆက်နေမှုကို ရပ်နားတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သဖြင့် မီဒီယာလောက အတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

Vice Media ကုမ္ပဏီသည် မေလအတွင်းက ဒေဝါလီခံကြောင်း တင်သွင်းခဲ့ပြီး နယူးယောက်အခြေစိုက် Fortress Investment Group ကို ဒေါ်လာ သန်း ၃၅၀ နှင့် ရောင်းချခဲ့သည်။

Vice Media သည် ဝန်ထမ်းအင်အားများကို လျှော့ချခြင်း၊ ၎င်း၏ လူကြိုက်များသည့် Vice News Tonight ပရိုဂရမ်ကို ရပ်နားခြင်းဖြင့် အသုံးစရိတ်များလျှော့ချကာ လည်ပတ်ခဲ့သော်လည်း ဝင်ငွေနှင့် ထွက်ငွေ မကာမိခဲ့ သဖြင့် ဒစ်ဂျစ်တယ်ခေတ်တွင် သတင်းမီဒီယာများ ရုန်းကန်နေရသည့် အခြေအနေကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။

Vice သည် Vice.com ဝက်ဆိုက်တွင် အကြောင်းအရာများ တင်ဆက်မှုကို ရပ်နားမည်ဖြစ်ပြီး အခြား မီဒီယာ ကုမ္ပဏီများနှင့် တွဲဖက်ပြီး ဆက်လက် လုပ်ဆောင်သွားမည်ဟု Vice Media Group ၏ စီအီးအို ဘရုစ် ဒစ်ဆင် (Bruce Dixon) က ပြောကြားခဲ့သည်။

“အခုလို မဟာဗျူဟာမြောက် အပြောင်းအလဲ ပြုလုပ်ရတာဟာ ကျနော်တို့ရဲ့ လုပ်ငန်းစဉ် အားလုံးနဲ့ အရင်းအမြစ် တွေကို ပြန်လည်ချိန်ညှိဖို့ လိုအပ်လို့ဖြစ်ပါတယ်။ ကုမ္ပဏီကို စတူဒီယို မော်ဒယ်တစ်ခုလို အသွင်ပြောင်းလဲသွားမှာ ပါ”ဟု ဒစ်ဆင်က ပြောကြားခဲ့သည်။

ထိုအပြောင်းအလဲကြောင့် မိမိတို့၏ ဝန်ထမ်းအင်အားကို လျှော့ချရမည်ဖြစ်ပြီး ရာနှင့်ချီသည့် ဝန်ထမ်းများ အလုပ်ပြုတ်လိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

အသုံးစရိတ်များ လျှော့ချဖြတ်တောက်မှု၏ နောက်ထပ် အသေးစိတ် အချက်အလက်များကို လာမည့် သီတင်းပတ် အတွင်း ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။

ဇန်နဝါရီလကလည်း လူငယ်ရေးရာများကို အလေးထားဖော်ပြသည့် Pitchfork Media က ၎င်း၏ ဝက်ဘ်ဆိုက်ကို GQ Magazine လက်အောက်သို့ ပူးပေါင်းဝင်ရောက် မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Source: အယ်လ်ဂျာဇီးယား