CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇

McDonald's ကုမ္ပဏီက ၄ နှစ်နီးပါး ကာလအတွင်း ၎င်း၏ နောက်ဆုံး ၃ လပတ်ကာလတွင် သတ်မှတ်ထားသည့် ရောင်းအား ပြည့်မီခဲ့ခြင်းမရှိသဖြင့် ဂါဇာ၌ဆင်နွှဲနေသည့် အစ္စရေးစစ်ပွဲကို အပြစ်တင်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထိုစစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများနှင့် မလေးရှား၊ အင်ဒိုနီးရှားကဲ့သို့ မူဆလင် အများစုနေထိုင်သည့် နိုင်ငံများတွင် ကုမ္ပဏီ၏ ရောင်းအားအပေါ် ဆိုးရွားစွာ သက်ရောက်ခဲ့ကြောင်း McDonald's စီအီးအို ခရစ် ကမ့်ပ်ဇင်စကီး (Chris Kempczinski) က ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

"စစ်ပွဲက ဖြစ်ပွားနေတဲ့ ကာလပတ်လုံး ကျနော်တို့ရဲ့ ရောင်းအား တိုးတက်လာမှာ မဟုတ်ပါဘူး။ ဒါဟာ လူသားတွေအတွက် ဝမ်းနည်းစရာပါပဲ။ ဒီစစ်ပွဲဟာ ကျနော်တို့လိုမျိုး အခြားနာမည်ကြီး ကုမ္ပဏီတွေအပေါ် သက်ရောက်မှု ရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်" ဟု ကမ့်ပ်ဇင်စကီးက ပြောသည်။ 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အရှေ့အလယ်ပိုင်းဒေသ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများတွင် McDonald's ကုမ္ပဏီ၏ ရောင်းအားသည် ၀ ဒသမ ၇ ရာခိုင်နှုန်းသာရှိခဲ့ပြီး မျှော်မှန်းထားသည့် ပမာဏထက် ၅ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

 McDonald's စီအီးအို ခရစ် ကမ့်ပ်ဇင်စကီးကို တွေ့ရစဉ်

McDonald's ကုမ္ပဏီ၏ အစ္စရေးနိုင်ငံရှိ လုပ်ငန်းခွဲသည် အစ္စရေးစစ်တပ်ကို စားစရာများ လှူဒါန်းခဲ့သဖြင့် ထိုလုပ်ဆောင်မှုကို ကန့်ကွက်သည့်အနေဖြင့် မွတ်ဆလင်နိုင်ငံများက McDonald's ကုမ္ပဏီကို သပိတ်မှောက်ရန် တိုက်တွန်းခဲ့ပြီးနောက် ရောင်းအားများ ကျဆင်းခဲ့ခြင်းဖြစ်သည်။

McDonald's Israel လုပ်ငန်းစု၏ ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးနောက် ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ယူအေအီး၊ ဂျော်ဒန်၊ အီဂျစ်၊ ဘာရိန်းနှင့် တူရကီနိုင်ငံတို့မှ McDonald's လုပ်ငန်းစုများသည် အစ္စရေးစစ်သားများ အား လှူဒန်းခဲ့ခြင်းမရှိဘဲ ဂါဇာဒေသရှိ ပါလက်စတိုင်းများအား ဒေါ်လာ သန်းနှင့်ချီသည့် အကူအညီများပေးမည်ဟု ကတိပြုခဲ့ကြသည်။

အမေရိကန်နိုင်ငံ၊ ချီကာဂို (Chicago) မြို့ အခြေစိုက် McDonald's လုပ်ငန်းစုသည် အမေရိကန်၏ နာမည်အကြီး ဆုံး ကုန်ပစ္စည်း အမှတ်တံဆိပ်များထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် စားသောက်ဆိုင်များ ဖွင့်လှစ်ပြီး လုပ်ငန်းလည်ပတ်လျက်ရှိသည်။
McDonald's ကုမ္ပဏီအပြင် အစ္စရေးအား ထောက်ခံသည်ဟု စွပ်စွဲခံရပြီး သပိတ်မှောက်ခံခဲ့ရသည့် အနောက်နိုင်ငံ များ၏ ကုမ္ပဏီများလည်း ရှိခဲ့သည်။

Source: အယ်လ်ဂျာဇီးယား