၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂

ပြည်တွင်းမှ ကြံများအား ယခုနှစ်တွင် တရုတ်ဘက်သို့တင်ပို့ခွင့်မရပါက ပြည်တွင်းသကြားစက်ရုံများသို့ ကြံ အားလုံးနီးပါး ပြန်ရောင်းချနိုင်ရန်မှာ အခက်အခဲရှိသည့်အတွက် ကြံစိုက်တောင်သူများအတွက် ဆုံးရှုံးမှုရှိနိုင် ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

“ပြည်တွင်းမှာရှိတဲ့ သကြားစက်ရုံတွေက ကြံ အကုန်လုံးမဝယ်နိုင်ရင်တောင်မှ ရာခိုင်နှုန်း ၇၀ လောက်တော့ ဝယ် နိုင်မယ်လို့ မျှော်လင့်ရတာပေါ့။ ဒါသူတို့ စက်တွေလည်နိုင်မှပဲ အဲ့လောက်ဝယ်နိုင်မှာ။ အကုန်လုံး ရာနှုန်းပြည့် တော့မဝယ်နိုင်ဘူး သေချာတယ်။ အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့နော်။ စက်တွေက အနီးဆုံးဆို ရှမ်းမြောက်မှာက စက်ရုံ ၂ ရုံ ၃ ရုံရှိတယ်။ အဲ့ဒီစက်တွေကို ပို့နိုင်တယ်ဆိုရင်တော့ နည်းနည်း အရှုံးသက်သာမှာပေါ့၊ ခရီးတော့ နည်းနည်းလှမ်းတာပေါ့နော်၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေတက်တာတော့ ရှိမယ်” မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်က တရုတ်ဘက်သို့ ကြံတန်ချိန် ၇ သိန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းသို့ တင်ပို့ရာတွင် ကြံတစ်တန်အား ငွေကျပ် ကိုးသောင်းဝန်းကျင်အထိရရှိပြီး ယခုနှစ်တွင် တရုတ် ငွေကြေးမြင့်နေသည့်အတွက် ကြံတစ်တန်လျှင် ငွေကျပ် တစ်သိန်းခန့် ရနိုင်ကြောင်းသိရသည်။

ပြည်တွင်းတွင်မူ ပြီးခဲ့သည့်နှစ်က ကြံတစ်တန်အား ငွေကျပ် လေးသောင်းခွဲပေးဝယ်ကာ ယခုနှစ်တွင် ငွေကျပ် ‌ခြောက်သောင်းခန့် ပေါက်စျေးရှိကြောင်းနှင့် ဈေးညီမျှမှု မရှိကြောင်းသိရပြီး ကြံတစ်တန်စျေးနှုန်း (‌ခြောက်သောင်း)အား ပြည်တွင်း သကြားစက်ရုံ အားလုံးအနေဖြင့် တပြေးညီပေးစေချင်ကြောင်း ဦးဝင်းဌေးက ဆိုသည်။

 

ကြံများအား ပြည်တွင်းသကြားစက်များသို့ ရောင်းချခြင်းနှင့် တရုတ်နိုင်ငံဘက်ရှိ သကြားစက်များသို့ တင်ပို့ခြင်း တို့၏ ကွာခြားချက်ကို ဦးဝင်းဋ္ဌေးက “တရုတ်က နယ်စပ်မှာဆိုတော့ နီးတာပေါ့နော်။ သယ်ယူစရိတ် ပို့ဆောင် စရိတ် နီးတယ်။ ဟိုဘက်က(တရုတ်)ကြံအတွက် မျိုးတို့၊ မြေဩဇာတို့ သွင်းအားစုတွေအတွက်လည်း အထောက် အပံ့ရှိတယ်။ အမှန်က ကြံဆိုတာကတော့ စက်ရုံတစ်ခု ဧရိယာအတွင်းမှာပဲ စိုက်ပျိုးကြတာပေါ့။ ဒါမှလည်း သူက ဒီ စက်ရုံကနေ အထောက်အပံ့ရတာမျိုးတွေရှိတာပေါ့။ ဒီကြံကတော့ အနီးအနားစက်ရုံကိုပဲ ရောင်းတာက ပို အားသာချက်ရှိတာပေါ့။ သယ်ယူပို့ဆောင်စရိတ်သက်သာတာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကြံများအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြောင်းနှင့် ကြံများအား နိုဝင်ဘာလကုန်တွင် စတင်ခုတ်ကြတော့မည်ဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ချင်းရွှေဟော်ဂိတ်မှတဆင့် ကြံ၊ ရော်ဘာ၊ လျှော်၊ ဝါဂွမ်း စသည့် ကုန်ကြီး (၄) မျိုးအား တရုတ်ဘက်မှ တင်သွင်းခွင့်ပြုသော်လည်း မြန်မာဘက်မှ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ပြန်လည် တုံ့ပြန်မှုမရှိသေးကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကြံများအား ပြီးခဲ့သည့်နှစ်က ဧကပေါင်း လေးသိန်းခွဲခန့် စိုက်ပျိုးခဲ့ကြပြီး ယခုနှစ်တွင် ကြံစိုက်မှု အနည်းငယ်လျော့နည်းကာ ဧကပေါင်း လေးသိန်း သုံးသောင်းခန့်သာရှိကြောင်းသိရသည်။