၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃
CNG ဂတ်စ်ဆိုင်များတွင် (Pressure)အပြည့်အဝ မရရှိခြင်းကြောင့် YBS ယာဥ်လိုင်းများ ပြေးဆွဲနေသည့် ကားအစီးရေများ လျော့ကျသွားကြောင်း ခေတ်သစ်ဘုရင့်နောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးဇော်မင်းက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG ဂတ်စ်များတွင် ဂတ်စ်ဖြည့်ရန် YBS ယာဉ်လိုင်းများ တန်းစီ စောင့်ဆိုင်းရမှု အချိန်ကြာမြင့်လာခြင်းနှင့် ဂတ်စ်မလုံလောက်မှုများ ရှိလာနေခြင်းကြောင့် မြို့တွင်းပြေးဆွဲသည့် လိုင်းကားအရေအတွက် လျော့နည်းလာခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဇော်မင်းက “အရင်တုန်းကတော့ တစ်ခါထည့်ရင် တစ်နေ့ကို ၃ ခေါက်၊ ၄ ခေါက်လောက် ဆွဲလို့ရတယ်။ လိုင်းတိုရင် တိုသ လို၊ ရှည်ရင် ရှည်သလိုပေါ့နော်။ အခုက အပြည့်ဆွဲလို့ မရတော့ပဲနဲ့ ၂ ကြောင်း ဝန်းကျင်လောက်သာ ဆွဲနိုင်တော့တဲ့အတွက် ဂတ်စ်က ပြန်တန်းစီရတယ်။ အဲတော့ ပြောမယ်ဆိုရင်တော့ ထည့်တဲ့ compressor မပြည့်တာပေါ့နော်။ compressor မမီတဲ့ အခါကျတော့ အမောင်း မခံဘူးပေါ့ ကားတွေက” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပုံ-YBS ယာဉ်လိုင်းများကိုတွေ့ရစဉ်။ ( Photo - CNI )
မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိ YBS ယာဉ်လိုင်းများ ကြုံတွေ့နေရသော CNG ဂတ်စ် ပြဿနာမှာ သဘာဝဓာတ်ငွေ့ လိုင်း presser ဝင်ရောက်မှု နည်းပါးခြင်းကြောင့်ဟု ဆိုသည်။
၎င်းက “CNG တွေရဲ့ အဝင် compressor တွေ ကျနေတဲ့ အတွက်ကြောင့်မို့လို့ အထွက်မှာလည်း အရင်က တစ်နာရီလောက်နဲ့ အပြည့် မောင်းလို့ရတယ် ဆိုလို့ရှိရင် အခု ၂ နာရီလောက် မောင်းပြီးတော့မှ ဖြည့်နေရတယ်ပေါ့နော်။ အဓိကကတော့ သဘာဝ ဓာတ်ငွေ့ လိုင်း presser တွေ ကျနေတဲ့ အတွက်ကြောင့်မို့လို့ အဲလိုမျိုးတွေ ကြာသွားတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း နေပြည်တော်တို့နဲ့ ညှိပြီးတော့ ထပ်ပြီးတော့ ဖြည်းဆည်းလို့ ရနိုင်မယ့် အနေအထားလေးကို ဒီရက်ပိုင်း အားလုံး အဆင်ပြေ အောင် ကြိုးစားနေတယ်လို့ ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် ဂတ်စ်ဆိုင်ပေါင်း ၄၁ ဆိုင်အနက် ယာဉ် အဝင်/အထွက် ခက်ခဲသည့် ဆိုင် ၂ ဆိုင်မှအပ ကျန် အရောင်း ဆိုင်များကို ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
အဆိုပါ ဂတ်စ်ဖြည့်စီးမှု အပြည့်အ၀ မရခြင်းနှင့် YBS ယာဉ်လိုင်းများ လျှော့ချပြေးဆွဲနေမှုများနှင့်အတူ တခြားတစ်ဖက်မှာ YBS စီးနင်းသည့် ခရီးသွားပြည်သူများထံမှ ယခင် ယာဉ်စီးခ ၂၀၀ ကျပ်အစား လက်ရှိတွင် ဈေးမြှင့်၍ အမျိုးမျိုး ကောက်ခံ နေမှုများ ရှိနေသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် စက်တင်ဘာလ ၂၀ ရက်က စတင်၍ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူး ဉီးလျန်ကျင့်မန်က ပြောသည်။
၎င်းက “ဘာမှ တိုးကောက်ခိုင်းတာ မရှိဘူး။ အရေးယူတာတွေ ဘာတွေရှိတယ်လေ။ ၅၀၀ ကောက်တယ်၊ စပါယ်ယာ ထား တယ်ဆိုရင် CNG သုံးလပိတ်တာတို့၊ ခြောက်လ ပိတ်တာတို့၊ တစ်နှစ်ပိတ်တာတို့၊ လုပ်ငန်းလိုင်စင် တစ်နှစ်ပိတ်တာတို့ လုပ် တယ်။ အရေးယူမှာ တင်ထားတာ အခု ၁၃၇ စီး ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယာဉ်စီးခ ပိုမိုကောက်ခံသည့် ယာဉ်လိုင်းများကို အရေးယူ ဆောင်ရွက်နေသော်လည်း လက်ရှိတွင် ယာဉ်လိုင်း အများစုသည် တိုးကောက်မြဲ တိုးကောက်နေခြင်းနှင့် ယာဉ်နောက် လိုက် ပါဝင်မှုများ ဆက်လက် ရှိနေကြောင်း YBS စီးနင်းသည့် ခရီးသည် များက ပြောသည်။
ယာဉ်စီးခ ၃၀၀ ကျပ် တိုးကောက်ခြင်းသည် ဂတ်စ်ဖြည့်တင်းမှုနှင့် သက်ဆိုင်းခြင်းမရှိဘဲ စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် မော်ယာဉ် အပိုပစ္စည်းများ ဈေးနှုန်း နှစ်ဆနီးပါး မြင့်တက်လာခြင်းကြောင့် ယာဉ်စီးခအား ၃၀၀ ကျပ် ကောက်ခံရခြင်း ဖြစ် ကြောင်း ခေတ်သစ်ဘုရင့်နောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးဇော်မင်းက CNI သတင်း ဌာနသို့ ပြောသည်။