၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဒေါ်လာများကို ဖေဖော်ဝါရီလမှ စတင် ထုတ် ရောင်းခဲ့ရာ ယခု နိုဝင်ဘာလ ၂ ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ ၃၂၄.၈ သန်း ရှိပြီဖြစ်ပြီး ယင်းကြောင့် ဒေါ်လာ ဈေး တည်ငြိမ်နေခြင်းဖြစ်ကာ ပို့ကုန်လုပ်ငန်းများအတွက် ဈေးနှုန်းမြင့်တက်လာခြင်းမရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက CNI သတင်းဌာနကို ပြောသည်။
“လက်ရှိကတော့ သူတို့ထုတ်ရောင်းတဲ့အတွက်ကြောင့်မို့လို့ ဒေါ်လာဈေးက လက်ရှိက ငြိမ်နေတာပေါ့။ ၁၇၅၀ နဲ့ အဓိကကတော့ Export Entering ဈေးပေါ့။ အဲဒီဟာကတော့ ၁၇၅၀ နဲ့ ၁၈၀၀ ကြားမှာ ရှိနေတာပေါ့။ အရွက်ဈေး ကတော့ ဒီထက် ပိုတက်တာပေါ့။ အရွက်ဈေးကတော့ ၁၉၀၀ ကျော်လောက်မှာ ရှိနေတယ်။ Export Entering ကတော့ ဗဟိုဘဏ်က ရောင်းချပေးတဲ့အတွက် အများကြီး ဈေးတက်မလာဘူးပေါ့နော်။ ဈေးနှုန်းငြိမ်နေတဲ့ သဘောမှာ ရှိတယ်” ဟု ဆိုသည်။
ဒါ့အပြင် ပို့ကုန် သွင်းကုန် လုပ်ငန်းများအတွက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် တစ်ဦးကလည်း ဗဟိုဘဏ်၏ ဒေါ်လာထုတ်ရောင်းချမှုများကြောင့် လက်ရှိတွင် ဒေါ်လာများ ဝယ်ယူရ လွယ်ကူ သည့်အခြေအနေ ဖြစ်လာကြောင်း ပြောပြသည်။
ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ Via Logistic & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က “အဲလိုတွေ ထုတ်ရောင်းနေတာလည်း ပါတယ်။ ပြီးတော့ ပြင်ပမှာလည်း ဒေါ်လာက နည်းနည်းလေး ပျော့ လာတယ်။ အဲဒီအခြေအနေတွေကြောင့် ထင်ပါတယ်။ အရင်တုန်းကလောက် မခက်တော့ဘူး။ ဈေးတွေကလည်း ဆင်းလာတယ်။ လုပ်ရကိုင်ရ အဆင်ပြေတာပေါ့နော်။ လွန်ခဲ့တဲ့ နှစ်ပတ်၊ သုံးပတ်လောက်က အခြေအနေနဲ့ အခု အခြေအနေနဲ့ဆိုရင် အခုကတော့ နည်းနည်း အဆင်ပြေလာတယ်ပေါ့။ ဒေါ်လာကတော့ ဝယ်လို့ရသွားပြီ။ အလုပ် လုပ်လို့ရတဲ့ အနေအထား ဖြစ်သွားတာပေါ့” ဟု CNI သို့ ပြောသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုဝင်ဘာ ၁ ရက်နေ့တွင် ထုတ်ရောင်းပေးခဲ့သည်။
အဆိုပါလေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁၇၆၀ ကျပ်ဖြင့် ထုတ်ရောင်း ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဒေါ်လာသည် အဓိက ပြဿနာမဟုတ်ဘဲ ဘဏ်တွင် ပြည်သူများ အပ်နှံထားသည့် မြန်မာကျပ်ငွေ များကို ထုတ်ယူမရခြင်းသည် ပြဿနာတစ်ရပ်ဖြစ်နေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။
ဘဏ်တွင် မြန်မာကျပ်ငွေ ထုတ်မရခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေနိုင်မှာ မဟုတ်ကြောင်း ဦးသီဟပိုင်က အခုလို ဆက်ပြောသည်။
“ကျနော်တို့ အခုလက်ရှိ ပြဿနာတက်နေတာက ဒေါ်လာ မဟုတ်တော့ဘူး။ ဒေါ်လာက အဓိက ပြဿနာ မဟုတ်ဘူး။ ကျနော်တို့ ပြည်သူထူဆီမှာ ငွေက လည်ပတ်နေတဲ့ ငွေကြေးယန္တရားပေါ့နော်။ ဘဏ်မှာ ငွေထုတ် မရတဲ့ ပြဿနာပေါ့နော်။ အဲဒါက အခြေအနေက ဟိုးအရင်ကတည်းက စလိုက်တဲ့ ဇာတ်လမ်းက အခုချိန်ထိ မဆုံးသေးဘူး။ လူတွေက ဘာမှ မပြောကြပေမယ့် ပျော်နေတာ မဟုတ်ဘူးပေါ့နော်။ အဆင်ပြေနေတာ မဟုတ် ဘူးပေါ့။ ဒါကလည်း အချိန်အတိုင်းအတာ တစ်ခုထိ သွားအုံးမယ်ထင်တယ်။ အဲဒါ မဖြစ်မချင်းတော့ ကျနော်တို့ စီးပွားရေးက လုပ်ရတာ အဆင်ပြေအုံးမှာ မဟုတ်ဘူး” ဟု ပြောဆိုသည်။
ဗဟိုဘဏ်က ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၆.၈ သန်း၊ ဧပြီလတွင် ၁၂ သန်း၊ မေလတွင် ၂၄ သန်း၊ ဇွန်လတွင် ၁၂ သန်း၊ ဇူလိုင်လတွင် ၃၉ သန်း၊ ဩဂုတ်လတွင် ၂၈ သန်း၊ စက်တင်ဘာလတွင် ၆၃ သန်း၊ အောက်တို ဘာလတွင် ၁၁၀ သန်း၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် သန်း ၃၀ ထုတ်ရောင်းခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။