၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁
၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလ (၁) ရက်မှ (၂၂) ရက်နေ့အထိ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူ ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၄၀၈.၁၇၉ သန်း လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ယခုဘဏ္ဍာနှစ် သုံးပတ်အတွင်း အမေရိကန်ဒေါ်လာ ၇.၂၀၈ သန်းကျော်သာ ကုန်သွယ်မှုရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ၄၁၅.၃၈၇ သန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးများ ပိတ်ထားခြင်းကြောင့် ပို့ကုန်တင်ပို့မှု မရှိသော်လည်း တရုတ်နိုင်ငံမှ ဆေးဝါးနှင့်ကိုဗစ် ဆက်စပ်ပစ္စည်းများကို တင်သွင်းနေခြင်းကြောင့် ဘဏ္ဍာနှစ် (၂၂) ရက်အတွင်းတွင် အမေရိကန်ဒေါ်လာ (၅.၇၆၂) သန်း မြန်မာပြည်ဘက်သို့ တင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
ပို့ကုန်တန်ဖိုးအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၃၄၂.၅၂၄ သန်း တင်ပို့ နိုင် ခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၁.၄၄၆ သန်းသာ တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။
တရုတ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားသည်မှာ ၃ လကျော် ၄ လနီးပါး ကြာမြင့်လာချိန်တွင် ပြည်တွင်းရှိ တောင်သူများ၊ ရေထွက်ကုန်လုပ်ငန်းရှင်များ၊ ကုန်သည်များ ထိခိုက်နေကြကြောင်း သိရသည်။
ယင်း ထိခိုက်သူများတွင် ဆန်တင်ပို့သည့် သူများလည်း အပါအဝင်ဖြစ်ခြင်းကြောင့် မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက တစ်လတာ၏ ကုန်သွယ်မှု ထိခိုက်ခဲ့သည့်အကြောင်းကို CNI သတင်းဌာနသို့ ပြောသည်။
“ပုံမှန်သွားနေကြတုန်းကတော့ နေ့စဉ် ကီလို ၅၀ အိတ် ၄ သောင်းနဲ့ ၅ သောင်း သွားတယ်။ တစ်လကို ၁၂ သိန်းနဲ့ ၁၅ သိန်းကြားမှာသွားတယ်။ တန်ချိန်အားဖြင့် ၆၀၀၀ ထောင်နဲ့ ၇၅၀၀ ကြားမှာ လစဉ် သွားတယ်။ အခု ၁၀ လပိုင်း မှာဆိုရင် တစ်အိတ်မှ မသွားရဘူး။ တစ်တန်မှ မသွားရဘူး။ ဒါ့ကြောင့် ကုန်သည်တွေအနေနဲ့လည်း ထိခိုက်နစ်နာ ဆုံးရှုံးရပါတယ်။ အရင်တုန်းကဆိုရင် ဆန်တစ်အိတ်ကို အနည်းဆုံး ၆၀၀ လောက် မြတ်တယ်” ဟု ၎င်းက ပြော သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်တွင် တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် နှစ်ဖက်တွေ့ဆုံညှိနှိုင်းခဲ့ကြသော်လည်း သဘောတူညီမှု မရရှိခြင်းကြောင့် လက်ရှိအချိန်ထိ နယ်စပ်ကုန်သွယ်ရေး များ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။
ယင်းသို့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်မျာကို ပိတ်ထားသည့်အတွက် တိုင်းပြည်အခွန်ဘဏ္ဍာပိုင်း ဆိုင်ရာ ထိခိုက်မှုနှင့်ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စာရင်းအင်းဌာနမှ မူဝါဒညွှန်မှူးက “အခွန်တွေက ဘယ်လောက်လျော့သွားလဲဆိုတော့ ကျမတို့ဆီမှာ မနှစ်ကနဲ့ အခွန်နှိုင်းယှဉ်ချက် မရှိဘူး။ အခုလော လောဆယ် တစ်ပတ်မှာ သန်း ဘယ်လောက်ရလဲဆိုရင်တော့ သန်း(၂၄၀၀) ကနေ (၃၇၀၀)ကြားပေါ့။ အဲသလောက်တော့ လက်ရှိမှာ ကောက်လို့ရတယ်” ဟု CNI သို့ ပြော သည်။
ဒါ့အပြင် တရုတ်နိုင်ငံမှ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်ကပ်ရောဂါအကြောင်းပြချက်ဖြင့် ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့်ရက်ပိုင်းတွင် ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် ကြံ၊ ရာဘာ၊ လျှော်ဖြူ၊ ဝါဂွမ်း စသည့် ကုန်ပစ္စည်း ၄ မျိုး ကို ပြန်လည် တင်သွင်းခွင့်ပြုကြောင်း ကြေညာခဲ့သည်။
မြန်မာပြည်တွင်း ကိုဗစ်တတိယလှိုင်း အရှိန်မြင့်လာသည့် ဇူလိုင်လ(၁၀)ရက်မှစ၍ တရုတ်အစိုးရဘက်မှ မြန်မာနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။