၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာတွင် တရုတ်ဘက်မှ နယ်မြေကျူးကျော် ခြံစည်းရိုး ခတ်သည့် ကိစ္စသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့ပြီးနောက် ယခု အောက်တိုဘာ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံသားများမှ နောင်ခမ်းဒေသခံများထံသို့ အချက် ၃ ချက်ပါသည့် စာတစ်စောင် ပေးပို့ခဲ့သည့်အပေါ် ပြန် လည်ကန့်ကွက်သွားမည်ဟု နောင်ခမ်းဒေသခံများက ဆိုသည်။

အဆိုပါ စာထဲတွင် နှစ်နိုင်ငံအစိုးရ သဘောတူညီချက်မရသေးသ၍ ထိုနေရာတွင် နောင်ခမ်းရွာသားများအနေဖြင့် မည်သည့်စိုက်ပျိုးရေးမှ မလုပ်ရန်နှင့် တစ်စုံတစ်ရာစိုက်ပျိုးခဲ့သည်ရှိသော် ဝင်ရောက်ဖျက်ဆီးသွားမည်သာမက ခြံစည်းရိုးပါ ချက်ချင်းဝင်ခတ်သွားမည်ဟု ပါရှိသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ နောင်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်ပီးက“သူတို့လာဖျက်ဆီးရင်တော့ သူတို့ ဧရိယာမဟုတ်ရင်တော့ ကန့်ကွက်မှာပဲလေ။ နောင်ဆောင်ကျေးရွာ (တရုတ်ဘက်)က သူတို့ဧရိယာလို့ သတ်မှတ် တာလေ။ ဒါပေမယ့်ခွင့်မပြုပါဘူး။ ကျနော်တို့နေရာပဲ။ ပြန်လုပ်မှာပဲ။ ဒီစာကတရားဝင်စာတော့ မဟုတ်ပါဘူး။ နောင်ဆောင်ကျေးရွာက လူထုတွေပို့တာ။ ပြဿနာဖြစ်တဲ့နေရာ သူတို့မလုပ်ခိုင်းပေမယ့်လည်း ရုံး (မြို့နယ် အုပ်ချုပ်ရေးမှူး) က ခွင့်ပြုထားတယ်။ မင်းတို့လုပ်မယ့်နေရာ လုပ်စားပါလို့ တောင်သူတွေကို ပြောထားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

နောင်ခမ်းကျေးရွာသားများသည် ၎င်းတို့‌ဒေသတွင်း စားသောက်ရန်အတွက်သာ စိုက်ပျိုးသီးနှံများကို စိုက်ပျိုး ကြခြင်းဖြစ်ကာ ယခု နိုဝင်ဘာလတွင် စိုက်ပျိုးရေးလုပ်ငန်းများ စတင်တော့မှာဖြစ်ပြီး စိုက်ပျိုးရေးလုပ်ချိန် တရုတ်နိုင်ငံသားများမှ လာရောက်ဖျက်ဆီးပါက ပြန်လည်ကန့်ကွက်သွားမည်ဟု ၎င်းတို့က ဆိုသည်။

“စိုက်တဲ့အချိန်တော့ စိုက်မှာပဲလေ မကြောက်ပါဘူးလေ။ ဒါငါတို့ဥစ္စာပဲ။ ကျနော်တို့စိုက်တဲ့အချိန် စိုက်မှာပဲ။ ‌ကြောက်တော့မကြောက်ပါဘူး။ တကယ်လို့ပြဿနာဖြစ်လာရင်လည်း အစိုးရပိုင်းဘက်က မှန်မှန်ကန်ကန် ဖြေရှင်းပေးလိမ့်မယ်” ဟု နောင်ခမ်းကျေးရွာသားတစ်ဦးက CNI သို့ ပြောသည်။

ဒါ့အပြင် တရုတ်ဘက်မှပို့သည့် စာတွင် နယ်မြေပြဿနာနှင့်ပတ်သက်ပြီး နောင်ဆောင်ရွာ(တရုတ်)ဘက်က သက်ဆိုင်ရာဌာနများကို အကြောင်းကြားတင်ပြပြီး ဖြစ်ပါသဖြင့် ထိုကိစ္စကို တရုတ်အစိုးရဘက်မှ မြန်မာ အစိုးရသို့ ဆွေးနွေးဖြေရှင်းသွားမည်ဖြစ်ကြောင်း ပါရှိသည်။

တရုတ်မှ နယ်မြေကျော် ခြံစည်းရိုးခတ်သည်မှာ သုံးထပ်ရှိပြီဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်နေ့တွင် နမ့်ခမ်းမြို့ နယ်၊ နောင်ခမ်းကျေးရွာ၏ တဖက်ရှိ တရုတ်ပြည်နယ်၊ ရွှေလီမြို့၊ နောင်တောင်းအုပ်စု နောင်ဆောင်ကျေးရွာ တရုတ်နိုင်ငံသားများမှ မြန်မာပြည်ဘက်သို့ ပေ ၂၀ ခန့် တိုး၍ ခြံစည်းရိုးခတ်လာသည့်အတွက် ဒေသခံများနှင့် အချင်းပွားမှု ဖြစ်ခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက အထက်သို့ တင်ပြထားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် အောက်တိုဘာ ၂၀ ရက်နေ့က မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာအတွင်း တရုတ်ဘက်ခြမ်းမှ နယ်မြေကျူးကျော် ခြံစည်းရိုးခတ်မှုကို ဒေသခံတို့က သဘောမတူကြောင်းပြောဆိုခဲ့ကြပြီး သဘောမတူပါက ဒေသခံတို့၏ ကြံများကို ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်ဘက်မှ ဖိအားပေးပြောဆိုလာခဲ့ကြောင်းလည်း ပန်ဆိုင်းရှိ ဒေသခံတစ်ဦးထံမှ သိရသည်။

အောက်တိုဘာ ၂၄ ရက်နေ့က မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စု၊ စက်တင်ဘာ ၁၂ ရက်တွင် နမ့်ခမ်းမြို့နယ်၊ ဟတ်ဟင်ကျေးရွားအနီးနှင့် ဇွန်လအတွင်းကလည်းကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးဒေသ စသည်တို့ တွင်လည်း တရုတ်ဘက်မှ နယ်စပ်ခြံစည်းရိုးကျော်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

တရုတ်ဘက်မှ နယ်စပ်ခြံစည်းရိုးကျော်ခတ်မှုများမှာ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် ပိုမို လုပ်ဆောင်လာ ခြင်းဖြစ်ပြီး နယ်စပ်ခြံစည်းရိုးကာခြင်းသည် နှစ်နိုင်ငံသဘောတူညီမှုဖြင့်သာ ကာသင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။