၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၁

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းဖြစ်သည့် သောင်းရင်းမြစ်အား ပြန်လည်ဖွင့်လှစ်ရန်နှင့် လိုအပ်သည့် အလုပ်သမားများအား မြန်မာနိုင်ငံမှ ခေါ်ယူရန် စီစဥ်နေကြောင်း သိရသည်။

အဆိုပါ ကုန်သွယ်ရေး ဆိပ်ကမ်း ပြန်ဖွင့်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများသည် ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် မဲဆောက်ဒေသတွင်းသို့ အောက်တိုဘာ ၂၉ ရက်က သွားရောက် လေ့လာခဲ့ကြောင်း မဲဆောက်‌ဒေသခံ တစ်ဦးထံမှ သိရသည်။

သောင်းရင်းမြစ်သည် မြန်မာ- ထိုင်းနယ်စပ်ဖြစ်သည့် မြဝတီခရိုင်နှင့် တာ့ခ်ခရိုင်ကို စည်းခြားထားသည့်မြစ်ဖြစ်ကြောင်း၊ ထိုမြစ်ရှိ လှေဂိတ်သည် မြန်မာ-ထိုင်း ကုန်သွယ်ရေးအတွက် အရေးပါကြောင်း သိရသည်။

ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက “အမှန်မှန်ကတော့ သူတို့နိုင်ငံ စီးပွားရေး အတွက်ပဲ ဒါပေမယ့် အဲ့ကို အမှီပြုပြီးတော့မှ ဒီလုပ်ငန်း အလုပ်အကိုင်တွေမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား တွေ အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမှာပေါ့။ ဒီ SEZ(အထူးစီးပွားရေးဇုန်)ဆိုတာ သူတို့လုပ်ထားတာ ကြာပြီ လေ။ မဲဆောက်မှာရှိတဲ့ အထူးစီးပွားရေးဇုန်တွေလေ SEZ ဆိုတာ အရင်အစိုးရ လက်ထက်တုန်းက အဲ့အစီအစဉ် လုပ်ထား တာရှိတယ်။ အဲ့ဟာနဲ့ ပတ်သက်ပြီးတော့ မဲဆောက်မှာရှိတဲ့ ပြန်လည်ပြင်ဆင်ရမယ့် ဟာတွေ၊ ကြိုတင်ပြင်ဆင်ရမယ့် ဟာ တွေကို လာပြီးတော့ ကြည့်ရှုဆွေးနွေးတာပေါ့။ သူတို့ဘက်အခြမ်းပါပဲ”ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ သောင်းရင်းမြစ်တွင် ခရီးသွားနှင့်ကုန်စည် ကူးသန်းသွားလာသည့် နယ်စပ်ဖြတ်ကျော် စက်လှေဂိတ် ၃၀ ကျော်ရှိ သည်။

၂၀၂၀ ခုနှစ် ကိုဗစ်ရောဂါဖြစ်ပွားသည့် ကာလကတည်းက ပိတ်ထားခြင်းဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်းနယ်စပ် ဒေသများ စီးပွားရေးကျဆင်းသည့်အတွက် ပြန်လည်ဖွင့်လှစ်ရန် ထိုင်းဘက်မှ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ပုံ-သောင်းရင်းမြစ်ကိုမြင်တွေ့ရစဉ်။

ယခုနောက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများ များပြားလာခြင်းနှင့် ဖမ်းဆီးရမိမှု များပြားလာနေကြောင်း၊ နယ်စပ်ဆိပ်ကမ်း ပြန်လည်ဖွင့်လှစ်နိုင်ပါက လိုအပ်သည့် အလုပ်သမားများကို မြန်မာနိုင်ငံမှ ခေါ်ယူ နိုင်မည်ဖြစ်ကာ တရားမဝင် ခိုးဝင်မှုများ လျော့ကျသွားနိုင်ကြောင်း၊ ထိုအခြေအနေများကို ထိုင်းအာဏာပိုင်များ စဉ်းစား၍ သောင်းရင်းမြစ် ဆိပ်ကမ်းဖွင့်လှစ်ရန် စီစဉ်လာခြင်း ဖြစ်နိုင်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမား ရေးရာတာဝန်ခံ ဦးမင်းဦးက သုံးသပ်သည်။

၎င်းက“နယ်စပ်တွေမှာ ဇုန်(အထူးစီးပွားရေးဇုန်)တွေ လုပ်တယ်ဆိုတာလည်း အဲ့ဒီအတွက်ကို စဉ်းစားပြီး လုပ်တာပေါ့။ အထူးသဖြင့် နယ်စပ်မှာရှိတဲ့ အလုပ်သမားတွေအနေနဲ့၊ နေ ထိုင်တဲ့ သူတွေအနေနဲ့ အဲ့လိုမျိုး နယ်စပ်တွေမှာပဲ လုပ်ငန်းခွင် တွေမှာ အလုပ်ဝင်လို့ ရအောင်ဆိုပြီးတော အဲ့အစီမံနဲ့ ဇုန်တွေကို လုပ်တာပဲ။ ဒီရွှေ့ပြောင်းသွားလာမှု၊ လူကုန်ကူးမှုတွေ လျော့ကျအောင် ဆိုပြီးတော့ လုပ်တာပဲ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံသည် ကိုဗစ် မဖြစ်ခင် ကာလက မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်‌ ကုန်သွယ်မှုကနေ ခန့်မှန်အားဖြင့် ထိုင်းဘတ်ငွေ ဘီလီလျံ ၂၀‌ ကျော်အထိ အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ မဲဆောက်နယ်စပ် ကုန်သွယ်ရေးသည် ကုန်သွယ်မှု အများဆုံးဖြစ် ကြောင်း သိရသည်။

အဆိုပါ သောင်းရင်းမြစ်အား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၀န်းကျင်ကတည်းက ထိုင်းနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်ရန် မြန်မာနိုင်ငံသို့ ကမ်းလှမ်းခဲ့သော်လည်း မြန်မာတာဝန်ရှိသူများ ကန့်ကွက်ခဲ့သည့်အတွက် ပိတ်ထားသည်မှာ လက်ရှိအချိန်ထိ ဖြစ်သည်။

တခြားတစ်ဖက်မှာတော့ ပိတ်ထားသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သည့် ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေး တံတားကို ပြန်လည် ဖွင့်လှစ်ရန်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံတကာခရီးသွား ဧည့်သည်များ ထိုင်းနိုင်ငံသို့ ဝင်ရောက်လည်ပတ်ခွင့်ပြုခြင်းကို ယခင်က ၄၆ နိုင်ငံ သတ်မှတ်ထားရာမှ ယခု ၆၃ နိုင်ငံအထိ ခွင့်ပြုလိုက်ကာ ထိုအထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်လာသည်။

ထို့အပြင် ထိုင်း-မြန်မာ နယ်စပ် အပါအဝင် ထိုင်းနယ်စပ် ဝင်ထွက်ပေါက် တလျှောက် အသွားအပြန် ၁ ရက်ဖြင့် အလည် အပတ် ခရီးအား ပြန်လည်ဖွင့်လှစ်ပေးရန် စီစဉ်နေကြောင်းလည်း သိရသည်။