၂၀၂၁ အောက်တိုဘာ ၃၁
မြန်မာ - အန္ဒိယ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လတွင် ပိတ်ထားခဲ့ရာ ယနေ့အချိန်ထိ မဖွင့်လှစ်နိုင်သေးကြောင်း တမူး - ကလေး - ကလေးဝ နယ်စပ်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ-အိန္ဒိယ တမူးနယ်စပ်ကုန်သွယ်ရေးဂိတ်ကို အိန္ဒိယနိုင်ငံဘက်မှ ကိုဗစ် - ၁၉ ကူးစက်မှုအကြောင်း ပြချက်ဖြင့် စတင် ပိတ်ခဲ့ရာ တရားဝင် ကုန်သွယ်မှုများ ရပ်ဆိုင်းနေပြီး တရား မဝင် အရောင်းအဝယ်များသာ အလုပ်ဖြစ်နေကြောင်း သိရသည်။
ဦးလှမောင်က “၂၀၂၀ မတ်လ ၁၀ ရက်နေ့က စပိတ်တာလေ။ နောက် မတ်လ လေးလကြာရင် နှစ်နှစ်ပြည့်တော့မယ်။ နစ်နာ မှုကတော့ အများကြီး ရှိတာပေါ့။ ကုန်သွယ်မှု ပိတ်ထားတော့ နစ်နာမှု အများကြီး ရှိတယ်။ ကျနော်တို့ ဘက်မှာတော့ တရား ဝင်တာပေါ့။ သူတို့ဘက်ရောက်တော့ ခိုးသွားတာပေါ့။ တရားဝင်မဟုတ်တဲ့အခါ နစ်နာမှု အများကြီး ရှိတယ်လေ။ ဖွင့်တာ တော့ ဖွင့်ရမှာပဲ လေ။ ဒါပေမယ့် အိန္ဒိယ အစိုးရပေါ် မူတည်တာပေါ့။ ဒါပေမယ့် အိန္ဒိယအစိုးရက ကျနော်တို့ မြန်မာနဲ့ MOU ထိုးပြီးတော့မှ သဘောတူထားတဲ့ဥစ္စာကို ကျော်လွန်ပြီးတော့မှ ကိုဗစ်အကြောင်းပြပြီး ပိတ်တာကိုး။ ဝေးမှာပေါ့။ စတုတ္ထလှိုင်း က အိန္ဒိယမှာ စနေပြီလို့ ကြားတယ်ဆိုတော့ ဖွင့်ဖို့က ဝေးသွားမှာပေါ့။”ဟု CNI သတင်းဌာနသို့ ပြော သည်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ဂိတ်အား ပြန်လည် ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ ညှိနှိုင်းမှုများရှိနေသော်လည်း အဆင်မပြေ သေးကြောင်း ၎င်းက ဆိုသည်။
ပုံ- တမူး/မိုးရေးဖြတ်သန်းသွားလာနိုင်သည့် တံတားကိုတွေ့ရစဉ်။
ဦးလှမောင်က “ကျနော်တို့နိုင်ငံကတော့ ဖွင့်ဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် တဖက်နိုင်ငံက ဖွင့်ပေးမှ ရမှာလေ။ တဖက်နိုင်ငံက မဖွင့်သေးတာ လေ။ ကျနော်တို့နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်ဆံရေး ဝန်ကြီးဌာနက ဒီကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရနဲ့ ညှိတော့ ညှိနေတာပဲ ဖွင့်ပေးဖို့။ အိန္ဒိယအစိုးရက ဖွင့်မပေးတော့ မတတ်နိုင်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ကွမ်းသီးကို အဓိကထား တင်ပို့လျက်ရှိသည်။ ထို့နောက် ပဲအမျိုးမျိုး၊ ကြက်သွန်၊ လယ်ယာ ထွက်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများအား နှစ်နိုင်ငံ ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းခန့် တင်ပို့လျက်ရှိပြီး အိန္ဒိယနိုင်ငံမှ ၁၀ ရာခိုင်နှုန်းခန့်သာ မြန်မာနိုင်ငံဘက်သို့ ပြန်လည်တင်သွင်းရကြောင်း သိရသည်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ (၄၀.၇၃၁) သန်း၊ သွင်းကုန်တန်ဖိုး (၁.၄၄၃) သန်းဖြင့် စုစုပေါင်း (၄၂.၁၇၄) သန်း ကုန်သွယ်မှု ပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၂၀ မတိုင်ခင်အထိ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် ကုန်သွယ်မှုရှိသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်စတုတ္ထလှိုင်း ဖြစ်ပွားနေပြီဖြစ်သည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာ - အိန္ဒိယ ကုန်သွယ်ရေး တမူးနယ်စပ်စခန်း ပြန်ဖွင့်နိုင်ခြေ နည်းပါးကြောင်း ဦးလှမောင်က ပြောသည်။