၂၀၂၁ အောက်တိုဘာ ၃၀

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်ခြင်းကြောင့် မြန်မာ ကုန်တင်ကားများ တရုတ်ဘက်တွင် ပိတ်မိနေသည့် အတွက် ယာဉ်မောင်းများနှင့်ကုန်ကားပိုင်ရှင်များ အခက်အခဲ ကြုံတွေ့ နေရကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

မြန်မာနှင့် တရုတ်နိုင်ငံ ထိစပ်နေသည့် ကျင်စန်းကျော့နှင့် ကြူကုတ် (ပန်ဆိုင်း)ဂိတ်ကို ဇူလိုင် ၈ ရက်တွင် တရုတ်ဘက်မှ ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် အခက်အခဲများ ကြုံ တွေ့နေရသည်ဟု ကုန်တင်ယာဉ်ပိုင်ရှင်များနှင့်ယာဉ်မောင်းများက ဆိုသည်။

ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုရှိုင်းဝေအောင်က “ ၁ ရက်နေ့က ကျနော်တို့ ဝင်သွားပြီးတော့ အထဲမှာ ကုန်ချပြီးတော့ ကျနော်တို့ ရှန်တိန် (အစားထိုး ယာဉ်မောင်း)နဲ့ ကုန် တင်တာပေါ့လေ။ ကုန်တင်တဲ့အချိန်မှာ ပြန်ထွက်ဖို့အတွက် စောင့်နေရင်း ကနေ ၈ ရက်နေ့ကျတော့ ဘာမှလည်း ကြေညာ ချက် မထုတ်ဘဲနဲ့ ပိတ်သွားလို့။ ဂိတ်ပိတ်ရတဲအ ကြောင်းရင်းက ရောဂါပိုး တွေ့တာ များလို့တဲ့။ အဲရောက်နေတဲ့ ရှန်တိန်တွေ၊ လူတွေ၊ ဂိတ်တွေကနေတဆင့် ကြားတာဗျ။ ‌ရောဂါပိုး တအားတွေ့လို့ဆို ပြီးတော့ ပိတ်လိုက်တာဗျ။ ဘာမှ အကြောင်း မကြား ပဲနဲ့ ဒီအတိုင်းပဲ ပိတ်ပြီးတော့ တံခါးပိတ်လိုက်တာဗျ”ဟု CNI သတင်း ဌာနသို့ ပြောသည်။

ယခုလို တရုတ်နိုင်ငံဘက်တွင် မြန်မာကုန်တင်ကားများ ပိတ်မိနေရခြင်းက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ရာမှာ မြန်မာပို့ကုန်များအား တိုက်ရိုက် ဝင်ရောက်ခွင့် မပြုဘဲ တရုတ်ယာဉ်မောင်းများဖြင့် ပြောင်းလဲမောင်းနှင်ရသည့် အစားထိုး (ရှန်တိန်)စနစ်ဖြင့် ဆောင်ရွက်သည့်အတွက် မြန်မာကုန်ကားပိုင်ရှင်များနှင့် ယာဉ်မောင်းများက မြန်မာပြည်တွင် ကျန်နေခဲ့ ရပြီး ၎င်းတို့၏ ကုန်တင်ကားများကမူ တရုတ်နိုင်ငံဘက်သို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်။

တရုတ်ဘက်သို့ ရောက်ရှိနေသည့် မြန်မာကုန်တင်ကားများသည် မြန်မာနိုင်ငံသို့ ပြန်ထွက်လာနိုင်ခြင်း မရှိသည်မှာ သုံးလ ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်သည့်အတွက် ကုန်ပစ္စည်းများ အပါအဝင် ကားနှင့်ပတ်သက်သည့်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု ရှိနိုင် ကြောင်း ကိုရှိုင်းဝေအောင်က ပြောသည်။

၎င်းက “နေပူ မိုးရွာကြီးထဲမှာ ရပ်ထားတာဖြစ်တဲ့အတွက်တော့ မိုးကာတွေ ဘာတွေ ဆွေးပြီးတော့မှ ပစ္စည်းတွေလည်း စို ကောင်းလည်း စိုနိုင်တာပေါ့ဗျ။ ကားကိုကျတော့ ကုန်အရင့်(အလေးချိန်)နဲ့ ရပ်ထားရတာဖြစ်တဲ့အတွက် လူတစ်ယောက်က ပစ္စည်းတစ်ခု ကို အကြာကြီးထမ်းထားရင် ဒဏ်ရာရသလိုပဲ ကျနော်တို့ ကားတွေလည်း အဲလိုမျိုး ကုန်တင်ထားတယ်ဆိုရင် ၃၊ ၄ လလောက် ရပ်တာမျိုးဆိုတော့ တာယာတွေလည်း တိုက်ဆွေး ဆွေးနိုင်တာရှိသလို လေးတွေ ဘာတွေဆိုရင်လည်း လေး ပေါက်တာမျိုး တခြား သူတို့တွေက နေပူမိုးရွာထဲ ရပ်ထားရတာဆိုတော့ မိုးကာတွေ၊ ကားဘီးတွေ ပျက်စီးမှု တော်တော်များ များတော့ ရှိနိုင် တယ်ဗျ”ဟု CNI သတင်းဌာနသို့ ပြောသည်။

 

တရုတ်ဘက်တွင် ကာလရှည်ကြာ ကုန်တင်ပြီး ပိတ်မိနေသည့်ကားများ ထိခိုက်ပျက်စီးမှုကို ကားသမားများက စိုးရိမ်ပူပန်နေ ကြရသည်။ လက်ရှိတွင် ကားအစီးရေ ၁၀၀ ကျော် ပိတ်မိနေကြောင်း သိရသည်။

တရုတ်ဘက်မှ ကားအထွက်ကို စောင့်ဆိုင်းနေရသည့် မြန်မာကုန်တင်ယာဉ်မောင်းများသည် ကားကို စိတ်ပူရသည့်အပြင် သုံး လခန့် အချိန်ကြာမြင့်နေပြီ ဖြစ်သောကြောင့် စားဝတ်နေရေး အဆင်မပြေ ဖြစ်လာကြောင်း ဝမ်တိန်တွင် ရောက်ရှိနေသည့် ကုန်တင်ယာဉ်ဂိတ်မှူးဖြစ်သူ ကိုအော်ကျော်ရဲက ပြောသည်။

၎င်းက “ကားက ဖွင့်တော့မယ် ဖွင့်တော့မယ်နဲ့ အောက်ဆင်းလိုက် တက်လိုက်နဲ့ လမ်းစရိတ်နဲ့ လမ်းမကောင်းတာနဲ့ဆိုတော့ တချို့ဆိုလည်း စောင့်လိုက်ကြတာပေါ့။ အဲစောင့်လိုက်ရင်းနဲ့ တစ်ရက်ပြီးတစ်ရက်နဲ့ တချို့ဆိုရင် သုံးလလောက်ရှိပြီ လုံးဝ မပြန်ရတာ။ ခက်ခဲတာပေါ့ အခုတောင်မှ အစ်ကိုတို့ ထုတ်ပေးနေရတာပဲ အစ်ကိုတို့ တင်ထားတဲ့ ကားဆရာတွေကို ထမင်း စရိတ် တစ်လတစ်လ ထုတ်ပေးနေရတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံမှ ကုန်တင်ကားများ တရုတ်နိုင်ငံတွင် ပိတ်မိနေခြင်းကြောင့် ကုန်ကားသမားများအနေဖြင့် ယာဉ်မောင်းသည့် အလုပ်သာ လုပ်တတ်ခြင်းကြောင့် လက်ရှိမှာ မိသားစု စားဝတ်နေရေး အခက်အခဲရှိနေပြီး ကြုံရာကျပန်း လုပ်ကိုင်နေရ ကြောင်း သိရသည်။

ကိုရှိုင်းဝေအောင်က “ကားမမောင်းရဘူးဆိုတော့ ကျနော်တို့က ကားပဲ မောင်းတာဆိုတော့ ကျန်တာလည်း ဘာမှ သိပ်ပြီး တော့ မလုပ်တတ်တာမျိုးဆိုတော့ အိမ်မိသားစု စားဖို့သောက်ဖို့ နည်းနည်း ခက်ခဲတာပေါ့ဗျ။ ကျနော်တို့ လေးလလောက် ဝင်ငွေ မရှိတော့တဲ့ အခါကျတော့လေ။ ကျနော်တို့ ပြောင်းချိုးရှိရင်လည်း ပြောင်းချိုးလိုက်ပေါ့။ တချို့ ကျနော်တို့ သူငယ်ချင်း တွေ ကျတော့လည်း လယ်စိုက်တို့၊ ပျိုးနှုတ် ဘာနှုတ်တို့ပေါ့။ ကြုံရာကျပန်းပေါ့ဗျ”ဟု CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံ လင်ခန်းခရိုင်နှင့် ထိစပ်နေသည့် ချင်းရွှေဟော် နယ်စပ်ဂိတ်အား အောက်တိုဘာ ၆ ရက်မှ စတင်၍ ပိတ်ခဲ့သည်။ ထို့နောက် တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်ကနေ ကြံနှင့် ရာဘာ အပါအ ဝင် မြန်မာပို့ကုန် လေးမျိုး တင်ပို့ခွင့်ပြုမယ်လို့ တရုတ်က စာထုတ်ထားကြောင်း တွေ့ရသည်။