ကာလီဖိုးနီးယား၊အောက်တိုဘာ ၂၉

Facebook သည် ၎င်း၏ကုမ္ပဏီနာမည်ကို Meta ဟု အမည်ပြောင်းကြောင်း အောက်တိုဘာ ၂၈ ရက်က ကြေညာလိုက်ပြီး Metaverse တည်ဆောက်ရေးဘက် အာရုံပိုစိုက်ရန် အမှတ်တံဆိပ်အသွင်သစ်အဖြစ် ရည်ရွယ်ကြောင်း စီအင်န်အင်န်သတင်းဌာနက ရေးသားဖော်ပြသည်။

လတ်တလောအနေအထားတွင် အွန်လိုင်းပလက်ဖောင်းပေါ်တွင် လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှု မျိုးစုံတို့ဖြင့် Facebook သည် လက်တွေ့ကမ္ဘာမှ စိန်ခေါ်မှုများ၊ အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့်အချိန်၌ ယင်းကဲ့သို့ ကုမ္ပဏီအမည်အပြောင်းအလဲပြုလုပ်လိုက်ခြင်းဖြစ်သည်။

တည်ထောင်သူ မက်ခ့်ဇူကာဘတ်က “Facebook ၏ စီးပွားရေးလုပ်ငန်း(ကော်ပိုရိတ်)အမည်ကို Meta ဟု ပြောင်းလဲဖြစ်ကြောင်း၊ Facebook ၏နာမည်ကျော်ကြားသောဝန်ဆောင်မှုကို Instagram, WhatsApp တို့နှင့် ကုမ္ပဏီလုပ်ငန်းခွဲများထဲမှ တစ်ခုအဖြစ် ထိရောက်စွာလျှော့ချလိုက်ကြောင်း” ပြောကြားခဲ့သည်။ ယခင်က Facebook ဟု လူသိများသောကုမ္ပဏီသည် လာမည့် ဒီဇင်ဘာ ၁ ရက်၌ စတော့ရှယ်ယာတန်ဖိုး MVRS အောက်တွင် အရောင်းအဝယ်လုပ်ရန် စီစဉ်ထားကြောင်း ဇူကာဘတ်က သတင်းထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ကုမ္ပဏီအမည်နှင့်အမှတ်တံဆိပ်ပြောင်းလဲခြင်းသည် Facebook ၏ ဂုဏ်သတင်းကို ထိန်းကျောင်း ရန်နှင့် ၎င်းပလက်ဖောင်းပေါ်ရှိ သတင်းအမှားများ၊ အကြောင်းအရာတည်းဖြတ်မှုဆိုင်ရာ ချို့ယွင်းချက်များနှင့် ဒစ်ဂျစ်တယ်ထုတ်ကုန်များ၏ သုံးစွဲသူအချို့စိတ်ကျန်းမာရေးကိုသက်ရောက်စေသည့်ဆိုးကျိုးများအပေါ် ပြုပြင်မွမ်းမံလိုသည့်ကြိုးပမ်းမှုတစိတ်တပိုင်းဖြစ်နိုင်ကြောင်း စီအင်န်အင်န်က သုံးသပ်ရေးသားထားသည်။

ပကတိအသွင်မြင်ရမည့်ပုံရိပ်ယောင်ဖန်တီးမှု (Virtual Reality) နှင့် အစစ်အမှန်အသွင်မြှင့်တင်မှု (Augmented Reality) တို့ကို ထုတ်ဖော်ရှင်းပြသည့် Facebook ကွန်ဖရင့်တွင် နောက်ဆုံးပေါ်နည်းပညာအသစ်များကို ထပ်မံ ပေါင်းစပ်၍ Metaverse ကို အထူးအာရုံစိုက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကမ္ဘာတလွှား သုံးစွဲ သူများကို အသိပေးခဲ့သည်။

“လာမယ့်အခန်းကဏ္ဍတွေအတွက် ကျနော်တို့ရဲ့အထောက်အထားပိုင်းဆိုင်ရာမှာ အများကြီးစဉ်းစားထားပါတယ်။ Facebook ဟာ ကမ္ဘာ့သမိုင်းမှာ လူသုံးအများဆုံး ထုတ်ကုန်ထဲက တစ်ခုပါ” ဟု ဇူကာဘတ်က အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

“ဒါဟာ အထင်ကရ လူမှုကွန်ရက်မီဒီယာ အမှတ်တံဆိပ်တစ်ခုပါ။ ဒါပေမယ့် အခုထပ်မံချဲ့ထွင်မှုဟာ ကျနော်တို့ လုပ်ရမယ့်ကိစ္စရပ်အားလုံးအပေါ် လွှမ်းခြုံမှုမရှိပါဘူး။ ပြီးတော့ အခုအသွင်ကူးပြောင်းမှုဟာလည်း ဒီလူမှုကွန်ရက် စစချင်း ဝန်ဆောင်မှုပေးတုန်းကလိုပဲ နောက်ထပ်အဆင့်တစ်ဆင့် မြှင့်တဲ့သဘောပါ” ဟု ၎င်းက ရှင်းပြခဲ့သည်။

ကျောင်းသားဘဝ၌ ဂန္ထဝင်စာပေလေ့လာလိုက်စားခဲ့သူ ဇူကာဘတ်သည် ယခုအမည်သစ်ကို ဂရိစကားလုံး Meta မှ ရယူထားကြောင်း ဆိုသည်။ ၎င်းကုမ္ပဏီ၏ ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းတံဆိပ်ကို အစားထိုး ပြုပြင်လိုက်ပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်ရှိ Facebook ရုံးချုပ်တွင် လက်မထောင်ပြသည့် ရုပ်ပုံ ပါရှိ သော ဆိုင်းဘုတ်ကိုလည်း အသစ်ပြောင်းလဲလိုက်ပြီဟု သိရသည်။