၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉

ထိုင်း-မြန်မာ နယ်စပ်အပါအဝင် ထိုင်းနယ်စပ်ဝင်ထွက်ပေါက် တလျှောက် အသွားအပြန် ၁ ရက်ဖြင့် အလည်အပတ် ခရီး အား ပြန်လည်ဖွင့်လှစ်ပေးရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင် မည်သည့် ရက်၌ ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများအား ၁ ရက်တာ အလည်အပတ် ခရီးစဉ်ကို ဖွင့်လှစ်ပေး မည်ဟု အတိအကျ မသိရသေးကြောင်း၊ လာမည့် နိုဝင်ဘာလထဲမှာပဲ စတင်နိုင်ခြေရှိကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ နေ ခွန်ကျော်ကိုက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ဖွင့်ဖို့ ‌တော်တော်လေးလုပ်ဖို့ရှိတယ်။ ဒီဟာအရင်ဖွင့်လိုက်ရင် ထိုင်း ဘက်က ထိုင်းပြည်သူတွေ ဝေဖန်ပြောဆို တာတွေရှိနေမှာ ကြောက်လို့။ ဒီနိုဝင်ဘာ ၁ ရက်နေ့မှာ နိုင်ငံတကာ ဝင်ခွင့် ဖွင့်ပေး မယ်။ သူတို့ပြောတာကတော့ နိုဝင်ဘာ လောက် ဖြစ်နိုင်မယ်ပြောတယ်။ ရက်အတိအကျတော့ ထုတ်ပြန်ချက်မတွေ့ဘူး။ ဖြစ်နိုင်ဖို့ကတော့ ဒီနှစ်ကုန်ပိုင်းလောက် တော့ ဖြစ်ဖို့များတယ်။ မြန်မာနယ်စပ်ကျတော့ မဲဆောက်-မြဝတီဘက်ခြမ်း အဲ့ဒီတစ် နေရာ၊ နောက် ကမ္ဘောဒီးယားတို့၊ မလေးရှားနယ်စပ်တို့ သူတို့နယ်စပ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ သူတို့ပြန်ဖွင့်ဖို့ အစီ အစဉ် လုပ်ထားတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လာမည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ၄၆ နိုင်ငံမှ နိုင်ငံတကာခရီးသွားများအား ဝင်ရောက်ခွင့်ပြုခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်အပါအဝင် နယ်စပ် ဝင်ထွက်ပေါက် အလည် အပတ်ခရီးအား ပြန်လည်ဝင်ခွင့်ပေးရန် ထိုင်း ခရီးသွားဝန်ကြီး နှင့် အားကစားဝန်ကြီးဌာနတို့ အောက်တိုဘာ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ အလည်အပတ်ခရီးစဉ်အား ယခင်ကာလတုန်းက အလည်အပတ်ခရီးစဉ် စည်းကမ်းအတိုင်းဖြစ်နိုင်ကြောင်း၊ ယခင်က တာ့ခ်ခရိုင် ၃ ခုကိုသာ လည်ပတ်ခွင့်ရှိခဲ့ကြောင်း သိရသည်။

အလည်ပတ်ခရီးစဉ်အတွက် ထိုင်းနိုင်ငံသို့ မဝင်ရောက်ခင် RT-PCR ဖြင့် ကိုဗစ်ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မဲဆောက်မြို့နေ ခွန်ကျော်ကိုက “ပတ်စပို့စ် စာအုပ်ပုံစံပဲ အရင်လိုပဲ။ ဒီကနေ မြဝတီဝင်ပေါက်ဝင်တာနဲ့ မြန်မာဘက်ခြမ်းက ဒီစာအုပ်ထုတ်ပေးလိုက်မယ်။ ဒီမဲဆောက်ဘက် အခြမ်းရောက်တာနဲ့ သူတို့က တစ်ရက်စာ တံဆိပ်တုံး ထုတ်ပေးလိုက်မယ်။ အဲ့လိုပုံစံနဲ့။ သူတို့မျက်လုံး scan ဖတ်မယ်၊ လက်ဗွေတွေဘာတွေ နှိပ်ပေးရမယ်။ ပြန်ထွက်တဲ့ အခါကျရင်လည်း သူတို့ တံဆိပ်တုံး ထုပေးလိုက်မယ်။ အဲ့လိုစိစစ်မှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

နိုဝင်ဘာလ ၁ ရက်တွင် စတင်မည့် နိုင်ငံပေါင်း ၄၆ နိုင်ငံက ခရီးသွားများသည် ထိုင်းနိုင်ငံသို့ ကိုဗစ် - ၁၉ နှင့် ပတ်သက်၍ အသွားအလာ ကန့်သတ်မှု (ကွာရန်တင်း) ဝင်စရာမလိုဘဲ လာရောက်နိုင်ပြီဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် ထားသည်။

အဆိုပါ နိုင်ငံများမှာ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ဗြိတိန်၊ ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံ စသည်တို့ ဖြစ်သည်။သို့သော် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံ မပါဝင်ပေ။

၄၆ နိုင်ငံမှ ခရီးသွားများသည် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပြီးသား ဖြစ်ရမည့်အပြင် နိုင်ငံထဲ အဝင်တွင် ကိုဗစ်မရှိ ကြောင်း ထပ်မံ အစစ်ဆေးခံရမှာဖြစ်ပြီး ထိုင်းကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်ကာကွယ်ရေး စည်းကမ်းများအား လိုက်နာရမည်ဟု ထုတ်ပြန်ထားသည်။