၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၂၈

အိန္ဒိယနိုင်ငံမှ ဆိပ်ကမ်းဆိုင်ရာလုပ်ငန်းစုကြီးဖြစ်သည့် Adani Group သည် မြန်မာနိုင်ငံရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်း ကာ ၂၀၂၂ ခုနှစ်၊ ဇွန်လ နောက်ဆုံးထားပြီး ထွက်ခွာဖွယ်ရှိကြောင်း အောက်တိုဘာလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

Adani Group သည် ကန်ဒေါ်လာ သန်း ၂၉၀ ကုန်ကျသည့် Yangon International Terminal စီမံကိန်းကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း Myanmar Economic Corporation (MEC) ထံတွင် ငှားရမ်းထားသည့် မြေပေါ်တွင် တည်ဆောက်လျက်ရှိ သည်။

၂၀၂၀ ခုနှစ်က Yangon International Terminal စီမံကိန်းအတွက် နိုင်ငံတကာ ယှဉ်ပြိုင်မှုမှာ Adani Group မှ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်လုပ်ကိုင်ရန် နှစ် ၅၀ ငှားရမ်းထားခြင်း ဖြစ်သည်။

“မိမိတို့ ကုမ္ပဏီလက်အောက်ရှိ စွန့်စားမှု စီမံခန့်ခွဲရေးကော်မတီက အခြေအနေ အရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီးနောက် မြန်မာနိုင်ငံရှိ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုများမှ ရုတ်သိမ်းမည့်အစီအစဉ်ကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လမှ ဇွန်လအတွင်း အပြီးသတ် ရုတ်သိမ်းရန် မျှော်လင့်ပါသည်” ဟု Adani ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်လီမိတက် (APSEZ)မှ တင်သွင်းသည့် စာတမ်းတွင် ဖော်ပြထားသည်။

Adani ဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုန်လီမိတက်က မြန်မာနိုင်ငံကို အမေရိကန်အစိုးရမှ ‘ပိတ်ဆို့ အရေးယူ ခံထား ရသော တိုင်းပြည်’အဖြစ် သတ်မှတ်လျှင် ရန်ကုန်မြို့မှာ ဖော်ဆောင်မည့် ၎င်းတို့၏ ကွန်တိန်နာ ဆိပ်ကမ်းစီမံကိန်းကို စွန့်လွှတ်၍ ရင်းနှီးမြှုပ်နှံမှုများအား အပြည့်အဝ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လများအတွင်းက ပြော ထားဖူးသည်။

APSEZ က မြန်မာနိုင်ငံရှိ ဆိပ်ကမ်းတစ်ခုတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန(OFAC)မှ ပြ ဋ္ဌာန်းထားသည့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်အရေးယူခြင်း လမ်းညွှန်ချက်များအား ချိုးဖောက်ခြင်းမရှိကြောင်း၊ ထိုကြောင့် OFAC ထံ ဆိပ်ကမ်းလုပ်ကိုင်နိုင်ရေး အထွေထွေလိုင်စင်လျှောက်ထားခဲ့ကြောင်း ဆိုသည်။

နော်ဝေးပင်စင်ရန်ပုံငွေကုမ္ပဏီ KLP ကတော့ Adani Group သည် တပ်မတော်နှင့် ဆက်နွယ်မှုသည် ရင်းနှီးမြှုပ်နှံမှု ပေါ်လစီ ကို ချိုးဖောက်ရာကျသည့်အတွက် ကုမ္ပဏီမှာ ထည့်ဝင်ထားသည့် ၎င်း၏ ရှယ်ယာများကို ဖယ်ထုတ်လိုက်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇွန်လက ကြေညာခဲ့သည်။

KLP မှ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းလိုက်ကြောင်း ကြေညာအပြီးမှာ Adani ဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုံလီမိတက်က လည်း မြန်မာနိုင်ငံရှိ ၎င်းတို့၏ ရင်းနှီမြှုပ်နှံမှုများကို ပြန်ရုပ်ရန်ရှိကြောင်း ယခုလိုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။