၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၈
ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် စက်မှုကုန်ကြမ်း၊ စိုက်ပျိုးရေးထွက်ကုန်(၄)မျိုးအား တရုတ်နိုင်ငံဘက်သို့ တင်သွင်းခွင့်ပြုခြင်းသည် ၎င်းတို့နိုင်ငံ၏ လိုအပ်ချက်ကြောင့် ယခုကဲ့သို့ တင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း ကုန်သည်အချို့က ပြောဆိုသည်။
တရုတ်နိုင်ငံ လင်ချန်းခရိုင်ကုန်သွယ်ရေးဌာနမှ အောက်တိုဘာ ၂၇ ရက်နေ့က မြန်မာနိုင်ငံမှ ကြံ၊ ရော်ဘာ၊ လျှော်၊ ဝါဂွမ်းစသည့် စက်မှုကုန်ကြမ်း၊ စိုက်ပျိုးရေးထွက်ကုန်(၄)မျိုးကိုသာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် အောက်တို ဘာ ၂၈ ရက်နေ့တွင် စတင်တင်သွင်းခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။
မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “သူတို့လိုအပ်ချက်ရှိလို့သာ သူတို့ဝင်ခွင့်ပြုတာ။ ကြံရာသီ ကုန်လို့ရှိရင် ပြန်ပိတ်မှာပဲ ကျနော်ထင်တယ်။ ဗမာပြည်ကလည်း ဘာမှအကြောင်းမပြန်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆန်တို့၊ ပြောင်းတို့၊ ပဲတို့ အခြားကုန်ပစ္စည်းတွေကျတော့ လုံးဝခွင့်မပြုဘဲနဲ့ သူတို့လိုအပ်တဲ့ ပစ္စည်း လေးမျိုးလောက်ကိုပဲ ခွင့်ပြုတယ်ဆိုတော့ မြန်မာနိုင်ငံဘက်ကလည်း တော်တော်လေးစဥ်းစားပြီးတော့ ညှိနှိုင်း နေကြတယ်။ ဒီကနေ့အထိတော့ ဘာမှအကြောင်းမပြန်သေးဘူး။ သူတို့ဖွင့်နိုင်လည်း ကျနော်တို့ဘက်က ဖွင့်ပေးမှရတာကို။ နှစ်ဖက်လုံးဖွင့်မှရတာဆိုတော့”ဟု CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နိုင်ငံ လင်ချန်းခရိုင်ဘက်တွင် သကြားစက် ၃ စက်ခန့်သာရှိပြီး ၎င်းတို့ဘက်တွင် ကြံလောက်ငှမှု မရှိသည့် အတွက် လောက်ကိုင်ဘက်မှ ကြံများကိုသာ အဓိကအားထားနေရခြင်းဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် လင်ချန်း ခရိုင်ရှိ သကြားစက်လုပ်ငန်းမှာ စတင်တော့မှာဖြစ်သည့်အတွက် ၎င်းတို့၏လိုအပ်ချက်အရဖြစ်နိုင်ကြောင်း ဦးမင်းသိန်း က ရှင်းပြသည်။
ဓါတ်ပုံ- စိုင်းခင်မောင်
ကြံများအား တရုတ်ဘက်သို့ တင်သွင်းခွင့်မရသော်လည်း မူဆယ်နှင့် မိုင်းရယ်ဘက်တို့တွင် သကြားစက်ရုံ ရှိခြင်းကြောင့် ၎င်းဘက်သို့ တင်ပို့၍ရကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက CNI သို့ ပြောသည်။
“ပြည်တွင်းမှာပို့ရင်တော့ ဈေးကွက်အနေအထားရတော့ သူက တရုတ်ဘက်လောက်တော့ ရမှာမဟုတ်ဘူး။ ဆုံးရှုံးမှာထက်စာရင်တော့ သက်သာအောင်ပေါ့။ ပြီးခဲ့တဲ့နှစ်က နောက် ပိုင်းမှာ ဟိုဘက်က ပိတ်လိုက်တော့ ပို့လို့မရလို့ ကြံတွေကို ရေထဲမျှောပစ်တာတွေ့လိုက်သေးတယ်မလား။ အဲ့ဒါမျိုးပေါ့။ အဲ့ဒါတွေက လုံးဝ ဆုံးရှုံးသွားတာပေါ့။ အဲ့ဒါထက်စာရင်တော့ နည်းနည်းသက်သာမှာပေါ့” ဟု ဆိုသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား ဇူလိုင်လ ၈ ရက်နေ့ကတည်းက ပိတ်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က မြန်မာနှင့်တရုတ် နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများအကြား နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ရန် အစည်းအဝေးလုပ်ကာ ဆွေးနွေးခဲ့ကြသည်။
ထိုအစည်းအဝေးတွင် တရုတ်နိုင်ငံဘက်မှ ကုန်စည်ကားများကိုသာ မြန်မာနိုင်ငံဘက်သို့ ထွက်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာဘက်မှ ကုန်စည်ကားများကို တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ခွင့်မပြုကြောင်း တရုတ်ဘက်မှ ပြောကြား ခဲ့သည့်အတွက် သဘောတူညီမှု မရရှိဘဲ ဖွင့်လှစ်နိုင်ခြင်းမရှိသည်မှာ လက်ရှိအချိန်ထိဖြစ်သည်။
မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “သူတို့က အထက်စီးကနေ ဒီလေးမျိုးပဲခွင့်ပြုမယ်။ ကျန်တဲ့ ပစ္စည်းခွင့်မပြုဘူးဆိုတော့ တစ်ဖက်သက်ကြီးဖြစ်နေတာပေါ့ မဟုတ်ဘူးလား။ သူတို့အမိန့်ကို နာခံရသလို သူတို့ ညွှန်ကြားတဲ့အတိုင်းလုပ်နေရသလိုဖြစ်နေတယ် အခုဟာက” ဟု ၎င်းကဆိုသည်။
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် မူဆယ်ကုန်သွယ်ရေးပြီးပါက ဒုတိယအကြီးဆုံး နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်ကာ ပြီးခဲ့သည့်နှစ်များတွင် ကြံများအား ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့ခြင်းဖြစ်ပြီး တန်ချိန် ၇ သိန်းမှ ၈ သိန်းခန့် တင်ပို့ကြောင်းနှင့် ကြံတစ်တန်အား မြန်မာကျပ်ငွေ ရှစ်သောင်းခွဲ ဝန်းကျင်ပေးကြောင်း သိရသည်။