၂၀၂၁ အောက်တိုဘာ ၂၇

ယခုဘဏ္ဍာနှစ် ပြည်ပဆန်တင်ပို့မှု ယခင်နှစ်ကာလတူထက် မြင့်တက်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စာရင်းများအရ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၅၈၀၀၀ နီးပါးရှိခဲ့ပြီး တန်ဖိုးအားဖြင့်မှု အမေရိကန်ဒေါ်လာ ၁၈.၉၄၃ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများက ဆိုသည်။

ထို့နောက် ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုမှာ တန်ချိန် ၃၆၀၀၀ ကျော်ရှိပြီး အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်သာ ရရှိခဲ့သည့်အတွက် ယခုနှစ်ဖြင့် နှိုင်းယှဉ်ပါက တန်ချိန် ၂၀၀၀၀ (နှစ်သောင်း)ကျော် ပိုမိုတင်ပို့နိုင်ခဲ့သလို တန်ဖိုးအားဖြင့်လည်း အမေရိကန်ဒေါ်လာ ၅.၈၄၉ သန်း ပိုမိုရရှိခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြည်ပဆန်တင်ပို့မှု ယခင်ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဆန်ဈေးနှုန်းသည် ဆန်ကွဲဈေးနှုန်းနီးပါး ဖြစ်နေသည့်အပြင် သယ်ယူစရိတ် မြင့်တက်မှုကြောင့် ဆန်တင်ပို့သူများအနေဖြင့် ထိခိုက်နေသေးကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

၎င်းက“အခု ဒီနှစ် ရောင်းတဲ့ဈေးတွေက ဆန်ကွဲဈေးကို ဒီနှစ်ရဲ့ ဆန်ဈေးတွေနဲ့ ရောင်းနေတယ်။ အဲလို ဖြစ်နေတယ်။ ငွေဈေး ကောင်း တယ်ဆိုပြီးတော့ အရင်တုန်းက ၃၀၀ ကျော် ရောင်းတဲ့ဆန်တွေက အခု ၂၈၀ တို့၊ ၂၈၅ တို့ အဲလိုမျိုးတွေ ရောင်းတယ် ပေါ့နော်။ ငွေဈေးနဲ့ တွက်ရောင်းတာပေါ့။ ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာကျတော့ ငွေဈေးက ကျသွားတယ်။ သယ်ယူ စရိတ်တွေက တက်လာတယ်။ အဲလိုမျိုး အခက်အခဲတွေကျတော့ ဒီဘက်က တင်ပို့တဲ့သူတွေက သိပ်တွက်ခြေ မကိုက်ဘူးပေါ့ နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် ဒေါ်လာလဲလှယ်နှုန်း ယခုရက်ပိုင်းအတွင်း ဈေးနှုန်းကျဆင်းသည့်အတွက် ကုန်သည်များအနေဖြင့် အနိမ့်ဈေးဖြင့် ရောင်းနေကြရပြီး ပြည်ပတင်ပို့သည့် ဆန်ဈေးနှုန်းများလည်း ကျဆင်းနေကြောင်း ဦးသန်းဦးက ဆက်ပြောသည်။

၎င်းက “အခုလောလောဆယ်က ဆန်ဈေးက ကျနေတယ် ငွေဈေးတွေ ကျနေတော့လေ။ သူတို့ရောင်းထားတဲ့ ဈေးတွေက အရင် ငွေဈေးကောင်းတုန်းက ရောင်းတယ်။ အခု ငွေဈေးက ကျသွားတော့ ရောင်းတဲ့ဈေးက အနိမ့်နဲ့ ငွေဈေးကျသွားတော့ သူတို့ မကိုက်ဘူး။ မကိုက်တော့ ဈေးချဝယ်တယ်။ အခုလက်ရှိ ၂၂၅၀၀ (၁၀၈) ပေါင် (၂၅) မတ် ဆန်တစ်အိတ်ကို။ အတွယ် နည်း နည်းကောင်းတဲ့ ဟာလေးတွေက ၂၃၅၀၀၊ အတွယ်နဲ့ သုခနဲ့ဆိုရင် အတွယ်က ဈေးနည်းနည်း
များတယ်။ အဲလိုဖြစ်နေ တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်တလောတွင် မိုးစပါးများ အထွက်ကောင်းနေသော်လည်း တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ပင်လယ် ရေကြောင်းဖြင့် တင်ပို့မှုကိုသာ လုပ်ဆောင်နေရသည်ဟု ကုန်သည်များက ပြောသည်။

လက်ရှိတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းနှစ်သွယ်ကနေ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နေရသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေး တချို့ ပိတ်ထားခြင်းကြောင့်လည်း အခက်အခဲများ ကြုံတွေ့နေရသည်ဟု ကုန်သည်များကဆိုသည်။

မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိနေသည်။ထို့နောက် အရှေ့တောင်အာရှနိုင်ငံများ၊ အီးယူ၊ အာဖရိကစျေးကွက်နှင့် အခြားနိုင်ငံများကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။