၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကျယ်ဂေါင်မြို့တွင် အဆင့်မြင့် စီးပွားရေးဇုန်တစ်ခု လုပ်မည့်အတွက် ကျယ်ဂေါင်မြို့ရှိ ဂိုဒေါင် များအား ဖျက်သိမ်းရန်နှင့် ဂိုဒေါင်များရှိ ကုန်ပစ္စည်းများအား ဖယ်ရှားပေးရန် အကြောင်းကြားလာကြောင်း သိရသည်။ ကျယ်ဂေါင်မြို့သည် မြန်မာနိုင်ငံ မူဆယ်မြို့နှင့် ထိဆက်နေသော နယ်စပ်မြို့ဖြစ်သည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “ကျယ်ဂေါင်အတွင်းမှာရှိနေတဲ့ ကားဂိတ်တွေ ဂိုဒေါင်တွေကို ရွှေ့ပေးပါ တဲ့။ ဘာလို့လဲဆိုတော့ ဒီကျယ်ဂေါင်မှာ ကုန်းတွင်းပိတ် အဆင့်မြင့် စီးပွားရေးဇုန် တစ်ခုလုပ်မယ်။ အဆင့်မြင့် စီးပွားရေးဇုန် လုပ်တော့ ကျယ်ဂေါင်ကို အစိုးရပိုင်မြေအဖြစ် ဝယ်လိုက်တယ်ပေါ့။ အဲ့အတွက် ကားဂိတ်တွေ၊ ကားဂိတ်နဲ့တွဲထားတဲ့ ဂို ဒေါင်တွေ၊ ဂိုဒေါင်တွင်းမှာရှိတဲ့ ပစ္စည်းတွေကို ဒီလအကုန်မှာ အမြန်ဆုံး ရှင်းလင်းပေးပါဆိုပြီး စာထွက်လာတယ်။ အဲ့ဂိုဒေါင် ထဲမှာရှိတဲ့ ပစ္စည်းတွေကလည်း ရွှေလီထဲလည်း ပြန်သယ်လို့မရဘူး။ ဗမာပြည်ပဲ ပြန်သယ်ရမှာ။ ဗမာပြည်ပြန်သယ်တော့ ဗမာပြည်က ဂိတ်ကလည်း ပိတ်ထားတယ်။ ပိတ်ထားတော့ နည်းနည်း အခက်အခဲဖြစ်တယ်”ဟု CNI သတင်းဌာနသို့ ပြော သည်။
ကျယ်ဂေါင်မြို့ရှိ ဂိုဒေါင်များတွင် မြန်မာကုန်သည်များ ပိုင်သည့် ကုန်ပစ္စည်းများမှာ တွဲကားအစီးရေ ၇၀၀ ခန့်ရှိကြောင်း၊ ထို ကုန်ပစ္စည်းများမှာ ဧပြီလကတည်းက ပိတ်မိနေခြင်းဖြစ်၍ ၇ လကျော် ကြာမြင့်ပြီ ဖြစ်သည်။
ပုံ- ကျယ်ဂေါင်မြို့ရှိ ဂိုဒေါင်တစ်ခုထဲတွင် တွေ့ရသော မြန်မာနိုင်ငံကုန်သည်ပိုင် ကုန်ပစ္စည်းများ။
အဆိုပါ ပိတ်မိနေသည့် ကုန်ပစ္စည်းများအား မြန်မာနိုင်ငံဘက်သို့ ပြန်သယ်ခွင့်ပေးမည်ဟု ပြီးခဲ့သည့် အောက်တိုလဆန်းက ယူနန်အစိုးရမှ ကြေညာခဲ့သည်။
သို့သော် ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က နှစ်နိုင်င်ငံ တာဝန်ရှိသူများအကြား နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ရန် အစည်း အဝေး ပြုလုပ်ပြီး ထိုအစည်းအဝေးတွင် ကျယ်ဂေါင်၌ ပိတ်မိနေသည့် ကုန်များအား မြန်မာနိုင်ငံဘက်သို့ ထွက်ခွင့် ပြုမည်ဖြစ်ပြီး မြန်မာဘက်မှ မည်သည့်ကုန်ကိုမှ မတင်ဆောင်လာရဟု တရုတ်ဘက်မှ ပြောခဲ့သည်။
ထို့ကြောင့် သဘောတူညီမှု မရဖြစ်ကာ နှစ်နိုင်ငံလုံးမှ ကုန်များအား ဝင်ထွက်ခွင့် ပိတ်ထားခြင်းဖြစ်ပြီး ကျယ်ဂေါင်တွင် ပိတ် မိနေသည့် ကုန်ပစ္စည်းများမှာလည်း မြန်မာနိုင်ငံဘက်သို့ ပြန်လည်သယ်ယူခွင့်မရဖြစ်နေသည်။ လက်ရှိတွင် ကုန်ပစ္စည်းများ အား ဂိုဒေါင်မှ ဖယ်ရှားခိုင်းလာသည့်အတွက် ကုန်သည်များမှာ အခက်အခဲများ ဖြစ်နေကြောင်းနှင့် တရုတ်ဘက်မှ ယခု ကဲ့သို့ လုပ်ဆောင်ခြင်းသည် ဖိအားပေးခြင်းဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဆိုသည်။
ပုံ-တရုတ်နယ်စပ်ပိတ်ထားရာတွင် တွေ့ရသော ကုန်ကားများကိုတွေ့ရစဉ်။
၎င်းက “ဖိအားပေးတဲ့ သဘောပေါ့။ ငါတို့က ဖွင့်ပေးတာပဲ မင်းတို့ဗမာနိုင်ငံကမှ ခွင့်မပြုတာ။ ငါတို့ဘယ်လိုလုပ် တတ်နိုင် မှာလဲ။ အဲ့လိုပုံစံမျိုးပေါ့။ ပြောတော့ မပြောဘူးနော်။ အဲ့လိုပုံစံဖြစ်အောင် လုပ်တာ။ လွန်ခဲ့တဲ့ ၇ လကတည်းက ပစ္စည်းတွေ ဗမာပြည်ထဲကို မရောက်သေးဘူး။ မရတော့ နံပါတ်တစ် ငွေကလည်းမြုပ်တယ်။ ကြာလာရင်လည်း စားကုန် သောက်ကုန် ပစ္စည်းတွေက ပျက်စီးသွားမှာ ကြောက်တယ်။ ဆိုင်ကယ်တို့ဘာတို့က ထားလို့ရတယ်။ သူတို့က စာပြန်တင်ထားတယ်။ လကုန်ဆိုတာ သိပ်မဖြစ်နိုင်ဘူးပေါ့လေ။ ဂိတ်တွေပိတ်ထားတော့ ပစ္စည်းတွေ ဘယ်မှာသွားချရမလဲဆိုပြီး” ဟု CNI သတင်း ဌာနသို့ ပြောသည်။
ကားဂိတ်နှင့် ဂိုဒေါင်ငှားရမ်းခသည် တစ်လလျှင် သိန်း ၃၀ ခန့်ပေးရကြောင်း၊ သန့်ရှင်းစရိတ်နှင့် အလုပ်သမားစရိတ် များ ထည့်တွက်ပါက ထိုပမာဏထက် များနိုင်ကြောင်း သိရသည်။
အဆိုပါ ဂိုဒေါင်များတွင် သိုလှောင်ထားရသည့် ကုန်ပစ္စည်းများမှာ ဆိုင်ကယ်၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းတို့ အများဆုံးဖြစ်သည်။