၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၅

ဆားလုပ်ငန်းလုပ်ကိုင်နေသည့် ဆားတောင်သူများအနေဖြင့် ပြီးခဲ့သည့်နှစ်ကထက် စက်သုံးဆီဈေးများ မြင့်တက်နေခြင်း ကြောင့် အခက်အခဲများ ရှိနေကြောင်းနှင့် ယခုနှစ်တွင် ဆားလုပ်ငန်းလုပ်ကိုင်သူ လျော့လာမည့် အနေအထား ရှိကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ထို့အပြင် ကိုဗစ်ကြောင့် သွားရေးလာရေး အခက်အခဲများ ကြုံတွေ့နေရသလို ဆားကျုံးသည့်အခါတွင် လုပ်သား အများ အပြား ခေါ်ယူရသည့်အတွက် ကုန်ကျစရိတ်ပိုလာမည့် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

မွန်ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်မှူး(ငြိမ်း) ဦးခင်စိုးက“ဒီဇယ်ဆီစျေးနှုန်း မြင့်တက်နေတယ်။ ဆားကလည်း ဆား ထုတ်လုပ်မှု တစ်ပိဿာ ကုန်ကျစရိတ်ပေါ့။ ဆားထုတ်လုပ်မှု ကုန်ကျစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်က တချို့ဆိုလည်း နည်း နည်း အဆင်မပြေတဲ့ကွင်းဆို ၂၀ နဲ့ ၃၀ ကြား ရာခိုင်နှုန်းလောက်က လောင်စာဆီ သုံးစွဲရတဲ့ ကုန်ကျစရိတ် ဖြစ်နေတဲ့ အတွက်ကြောင့် နည်းနည်း အခက်အခဲဖြစ်နေတာပေါ့။ လောင်စာဆီ နည်းနည်းရှားလာတဲ့ အတွက်ကြောင့် transport charges လည်း နည်းနည်းတက်မယ့် အတွက်ကြောင့် အဲ့တော့ ရင်းနှီးမြှုပ်နှံမှုမှာလည်း လောင်စာဆီအတွက်ကို ပိုသုံး ရမယ် ဆိုတဲ့ ကုန်ကျစရိတ်ပိုလာမယ့် ပိဿာကုန်ကျစရိတ် ပေါ်လာမယ့်သဘောရှိတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ဆားအား ဧရာဝတီတိုင်း‌ဒေသကြီးမှ အများဆုံးထွက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၀ ခန့်ရှိကာ မွန်ပြည်နယ်တွင် ၂၅ ရာခိုင်နှုန်း ခန့်နှင့် ရခိုင်တွင် ၁၅ ရာခိုင်နှုန်းခန့် ထွက်ရှိကြောင်း သိရသည်။

ပုံ- ဆားကြမ်းရရေး ပင်လယ်ရေ(ရေငန်)ကို မြောင်းထဲသွယ်၍ စက်ဖြင့် အဆင့်ဆင့်သွင်းယူနေစဉ်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာတွင် ဆားဈေးသည် တစ်ပိဿာ ၆၀ မှ ၇၀ ကျပ် ဝန်းကျင်အထိသာရှိခဲ့ပြီး လက်ရှိ တွင် မွန်ပြည်နယ်၌ ဆားစျေးမှာ ၁၁၀ နှင့် ၁၂၀ ကျပ် ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

မွန်ပြည်နယ်မှ ဆားများသည် အရည်အသွေး ပိုကောင်းသည့်အတွက် ယခုကဲ့သို့ ဈေးရှိနေကာ အခြားတိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် လက်ရှိဈေးမှာ ၇၀ နှင့် ၈၀ ကျပ် ဝန်းကျင်တွင်သာ ရှိနိုင်ကြောင်း သိရသည်။

ဆားလုပ်ငန်းသည် ပြည်တွင်း ဝယ်လိုအားကိုသာ အဓိကအားထားနေရခြင်းဖြစ်ကာ လာမည့် ဆားရာသီ(အောက်တိုဘာ လကုန်)တွင် လက်ရှိပေါက်ဈေးထက် နည်းသွားပါက ဆားတောင်သူများအတွက် ထိခိုက်မှုများရှိနိုင်ကြောင်းနှင့် ဝယ်လိုအား သည်သာ အဓိကဖြစ်ကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်မှူး(ငြိမ်း) ဦးခင်စိုးက ရှင်းပြသည်။

ပုံ-ဆားကြမ်းများ ကျုံးနေစဉ်။

၎င်းက“ဆားက ပုံမှန်ဆို ၇၀ နဲ့ ၈၀ ကြားလောက်ရှိတယ်။ ခုနကပြောတဲ့ လုပ်သားစရိတ်ရှားပါးမှု၊ ဒီဇယ်ဆီရှားပါးမှုတွေ အခက်အခဲဟာဆိုရင် ၂၀ လောက်တက်လာရင်တော့ ၁၀၀ လောက်ဖြစ်လာပြီပေါ့၊ ဆားတစ်ပိဿာ ကုန်ကျစရိတ်က ၁၀၀ လောက်ဖြစ်လာပြီ။ အခုအချိန်က ဆားမပေါ်သေးလို့ ၁၁၀ လောက်ဖြစ်တယ်။ ဆားပေါ်တဲ့အချိန် ၈၀ လောက် ဈေးကျသွား မယ်ဆိုရင်တော့ ခုနက ၁၀၀ ဖြစ်ရင် အရှုံးနဲ့တော့ ရင်ဆိုင်ရနိုင်တာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိစျေးကွက်တွင် စျေးကောင်းမရရှိသည့် ရခိုင်ပြည်နယ်၌ ဆားလုပ်ငန်း လုပ်ကိုင်မှုမှာ ၇၀ ရာခိုင်နှုန်းခန့် ကျဆင်း သွားကြောင်း သိရသည်။

ဆားကြမ်း ရရှိရေးအတွက် ပင်လယ်ရေ(ရေငန်)ရရှိသော ချောင်းမြောင်းများမှ ရေသွယ်ယူ၍ စက်များဖြင့် ဆားကွင်းသို့ သွင်းယူကာ ပင်လယ်ရေကို ဆားလယ်ကွက်များထဲ အဆင့်ဆင့်ထည့်လှန်း၍ ဆားရည်ပျစ်များရအောင် နေဖြင့်လှန်းရ ကြောင်း၊ ထိုဆားရည်ပျစ်များကို ဆားကျုံးခွက်ထဲသို့ ထည့်ကာ နေလှန်းခြင်းဖြင့် ဆားလွှာများကျလာအောင် လုပ်ရ ကြောင်း၊ ဆားလွှာများကျလာပြီးနောက် ဆားလွှာများ ထူထဲလာသည့်အခါ ခြစ်ယူစုပုံ၍ ဆားကျုံးလုပ်သားများက ဆား ဆေးသည့်စက်ရှိရာ ကျင်းထဲသို၌ ကျုံးထည့်ရပြီးနောက် ဆားကြမ်းကို ရရှိကြောင်း သိရသည်။

ဆားလုပ်ငန်းသည် နေဖြင့် ချက်ရသည့်လုပ်ငန်းဖြစ်သည့်အတွက် နေပူချိန်မြင့်သည့် ရာသီဖြစ်မှ ဆားများ ပိုထွက်ကြောင်း သိရသည်။