၂၀၂၁ အောက်တိုဘာ ၂၅
မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး နယ်စပ်ဂိတ်ပေါက်များကို ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က နှစ်နိုင်ငံတာဝန်ရှိသူများ၏ တွေ့ဆုံညှိနှိုင်းမှု မအောင်မြင်ခဲ့ပြီးနောက် ကရိန်းကားများအသုံးပြု၍ နယ်ခြားနံရံကို ကျော်ဖြတ်ကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်မှု ပြုလုပ်နိုင်ဖို့ မူဆယ်ရှိ ကုမ္ပဏီတချို့က ကြိုးပမ်းနေသည်ဟု ကုန်သည်များထံမှ သိရသည်။
အဆိုပါ ကုန်သွယ်မှုအား ရွှေလွယ်အင်ကုမ္ပဏီမှ ကုန်ချကွင်း အစီအမံကို ထုတ်ပြန်လာသည့် ဗီဒီယိုဖိုင် တစ်ခုတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ၎င်းဗီဒီယိုဖိုင်ထဲတွင် ကွန်တိန်နာများကို ကရိန်းဖြင့် မတင်ပြီး နယ်ခြားနံရံကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံဘက်တွင်ရှိသည့် ကုန်တင်ကားပေါ်သို့ တင်ဆောင်မှာဖြစ်ပြီး မြန်မာဘက်မှ ကွန်တိန်နာကိုလည်း အလားတူ တရုတ်နိုင်ငံဘက်သို့ တင်ဆောင်သွားမှာဖြစ်ကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ကွန်တိန်နာကို ကရိန်းကားဖြင့် တင်ဆောင်သည့်အစီအစဉ်အား မူဆယ်ရှိ ကုမ္ပဏီ(၁၀) ခုကျော်က လုပ်ဆောင်နိုင်ရန် တင်ဒါခေါ်ယူဖို့ စီစဉ်နေကြသည်ဟု မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆိုသည်။
“အဲဒါ သူတို့ကုမ္ပဏီက ကိစ္စ။ သူတို့က လုပ်ပေးမယ်ပေါ့လေ။ ဒါပေမယ့် ဒီကိစ္စက သူတို့ ကုမ္ပဏီ တစ်ခုတည်း လုပ်လို့မရဘူးလေ။ နှစ်ဖက်အစိုးရ ညှိမှရမယ့်ကိစ္စ။ နှစ်ဖက်အစိုးရညှိတာက ပြီးခဲ့တဲ့ အောက်တိုဘာ (၁၄) ရက်နေ့က မတွေ့ဘူးလား။ ဟိုဘက်တစ်ထောင်ဝင် ဒီဘက်တစ်ထောင် ထွက်ရမယ်လို့ အဲဒါတောင် မပြတ်သားသေးဘူး။ အဲဒီကိစ္စက ခုထိမပြန်ကြားသေးဘူး။ အဲဒီကုမ္ပဏီက အကျိုးဆောင်ပေးတာပေါ့။ အဲဒီလိုကုမ္ပဏီက(၄/၅/၁၀)ခု မူဆယ်မှာ။ ဝိုင်းလုနေကြတာ အဲဒါကို။ ကွင်းတွေရှိတယ်။ ကိုယ်ပိုင်ကွင်းတွေရှိတယ်။ ဦးမင်းသိန်းကနေပြီးတော့ ကိုယ်ပိုင်ကွင်းကို လာချိန်းပါ။ ကျနော်တို့ ဝန်ဆောင်မှု ပေးပါမယ်။ ကားတစ်စီးကို ဘယ်လောက်ဆိုပြီးတော့။ အဲဒီလို တင်ဒါတွေ ဝင်ပြိုင်ချင်တဲ့ ကုမ္ပဏီတွေက(၄/၅/၆)ခု ရှိတယ်”ဟု ၎င်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ - တရုတ် ကုန်သွယ်ရေး ပြုလုပ်လာသည့် သက်တမ်းတစ်လျှောက်တွင် ကွန်တိန်နာဖြင့် ကုန်သွယ်ခြင်းမျိုး မရှိခြင်းကြောင့် ယခုလို ကုမ္ပဏီများက ကွန်တိန်နာများကို ကရိန်းကားဖြင့် သယ်ဆောင်ခြင်းသည် မဖြစ်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားကြသည်။
ကွန်တိန်နာဖြင့် ကုန်သွယ်မှု ပြုလုပ်ရမည်ဆိုပါက ကွန်တိန်နာရှာရမည့် ပြဿာနာတစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ခြင်းကြောင့် အဆင်မပြေနိုင်ကြောင်း မူဆယ် သစ်သီးဝလံ ကုန် စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က CNI သို့ သုံးသပ်ပြောဆိုသည်။
“မလွယ်ကူပါဘူး ကွန်တိန်နာစနစ်နဲ့ဆိုရင်။ ကွန်တိန်နာအလွတ်တွေရှာဖို့က ပြဿနာ အကြီးကြီး ဖြစ်သွားမယ်။ အဲဒီတော့ အဆင်မပြေဘူး။ ဒါပေမယ့် ကိုဗစ်ကာလမှာ ဖြစ်တဲ့နည်းနဲ့ ကုန်သွယ်ရမယ် ဆိုရင်တော့ ဒီပုံစံနဲ့ သွားမယ်လို့ထင်တယ်” ဟု ဆိုသည်။
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် ကွန်တိန်နာများကို ကရိန်းများဖြင့် တင်ဆောင် လုပ်ဆောင်ခြင်းကို မူဆယ်ရှိကုမ္ပဏီများက ထုတ်ပြန်ခဲ့ကြသော်လည်း နှစ်နိုင်ငံ သဘောတူညီ ထားခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ယခုကိစ္စအတွက် ရွှေလွယ်အင်ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာတွင် အချိန်အတိုင်းအတာတစ်ခု ရောက်သည့်အခါမှသာ တစ်နိုင်ငံလုံး သိရှိစေရန် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
မြန်မာ - တရုတ် နယ်စပ်ဂိတ်များကို ကိုဗစ် - ၁၉ ကပ်ရောဂါ အကြောင်းပြချက်ဖြင့် ဇူလိုင်လ(၁၂) ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံဘက်မှ ပိတ်ခဲ့ခြင်းဖြစ်ရာ ယခုအချိန်အထိဆိုလျှင် ၃ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။