၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၄

ကိုဗစ်-၁၉ အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံက နယ်စပ်စခန်းများပိတ်ထားသည့်အတွက် ဈေးကွက်မရှိဖြစ်၍ ရခိုင်ပြည်နယ် ရှိ ကဏန်းလုပ်ငန်းများ ပျက်စီးမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကုန်သည်များနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် များက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်၏ ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခုဖြစ်သော ကဏန်းလုပ်ငန်းသည် ယခင်က တရုတ်နိုင်ငံသို့ အဓိက တင်ပို့ လျက်ရှိကာ ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ်၊ဩဂုတ်က စတင်၍ ကားလမ်းဖြင့် တင်ပို့နေမှုကို တရုတ်ဘက်က ပိတ်ထားခဲ့သည့် အတွက် ဈေးကွက်ပျောက်ကာ လုပ်ငန်းပျက်စီးမည့် အခြေအနေဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ယခင်က ရခိုင်ပြည်နယ်မှ ကဏန်းများကို တရုတ်နိုင်ငံသို့ မန္တလေး- မူဆယ်လမ်းကြောင်းမှတဆင့် တင်ပို့ခဲ့ရာ ဝင်ငွေကောင်း ခဲ့သော်လည်း လက်ရှိအချိန်တွင် လေယာဉ်လမ်း ကြောင်းဖြင့် တင်ပို့နေရခြင်းကြောင့် ကုန်ကျစရိတ် မြင့်မားနေကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ ကဏန်းကုန်သည် ဦးသန်းဌေးက ပြောသည်။

၎င်းက “လေကြောင်းလိုင်းနဲ့ ပတ်သက်တဲ့ အပိုင်းလေးပဲ။ အပေါ်မှာ ၁၀၀၀ ရတယ်။ လေကြောင်းလိုင်းက ၈၀၀ ယူထားရင် ၂၀၀ ပဲကျန်မှာ။ အဓိကက လေကြောင်းလိုင်းနဲ့ မသွားချင်ဘူး။ ရခိုင်ကနေ မန္တလေးပို့မယ်။ မန္တလေးကနေ မူဆယ်ပို့မယ်။ အဲလိုဆိုရင် အားလုံး ကုန်သည်တွေမှာလည်း ရသင့်ရထိုက်တာတွေရမှာ။ ကုန်သည်တွေမှာလည်း တစ်ကီလို ၃၀၀၀ ကနေ ၅၀၀၀ ခံစားခွင့်ရှိမှာ။ ဖမ်းတဲ့သူလည်း အဆင်ပြေမှာ ငါတို့လည်း အဆင်ပြေမှာ။ အဲဒီကိုပို့ရင် ၈၀၀၀၀ လောက်ပဲ ကျမှာ အခု ဆိုရင် ရန်ကုန်ကနေ ပို့တယ်ဆိုရင် တစ်ဗူးကို ၃၀၀၀၀၀ လောက်ကျမှာ။ ငါတို့အတွက်လည်း မကိုက်ဘူး။ မကိုက်တဲ့အတွက် အောက်ခြေမှာလည်း ဈေးမပေးနိုင်ဘူး။ အောက်ခြေပြည်သူတွေမှာလည်း သူတို့ ဖမ်းသာဖမ်းတာပေါ့ အကျိုးအမြတ် ခံစားခွင့် မရှိဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားခြင်းကြောင့် ရခိုင်ပြည်နယ်မှ ကဏန်းများကို ၂၀၂၁ ခုနှစ် သြဂုတ်လခန့်မှ စတင်ကာ တရုတ်ပြည်သို့ လေယာဉ်ဖြင့် တင်ပို့နေရကြောင်း၊ ပို့ဆောင်ရသည့် လမ်းကြောင်းများမှာ စစ်တွေ - ရန်ကုန် - တရုတ်နိုင်ငံ လမ်းကြောင်းနှင့် ရခိုင် - မြဝတီ - ဘန်ကောက် - တရုတ်နိုင်ငံ စသည့် လမ်းကြောင်း နှစ်မျိုးဖြင့် တင်ပို့နေခြင်း ဖြစ်သည်။

လက်ရှိ ကဏန်းလုပ်ငန်းမှာ တင်ပို့ရောင်းချရမည့် နိုင်ငံတကာ စျေးကွက်မရှိသဖြင့် ပျက်စီးသွားနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကေသီဦးကားဂိတ် ကုန်စည်ပို့ဆောင်ရေး မန်နေဂျာ ဦးမောင်ဝင်းရွှေက ပြောသည်။

“ရခိုင်ပြည်နယ် ကဏန်းလုပ်ငန်းက ပျက်စီးနေတာကြာပြီ။ ဘာဖြစ်လို့လဲဆိုတော့ နဂို တရုတ်နိုင်ငံကို မူဆယ်နယ်စပ်ကနေ ရခိုင်ဒေသက ကဏန်းတွေကို တင်ပို့လို့ရတဲ့အချိန်မှာ ကဏန်းဈေးက အောက်ခြေမှာ ကျေးရွာတွေမှာ တစ်ကီလိုကို ၇၀၀၀ ကနေ ၉၀၀၀ အထိ ရှိခဲ့တယ်။ ဒါပေမယ့် မူဆယ်နယ်စပ်ကို ပိတ်ပြီးတော့ ကဏန်းတွေ မသွားရဘူးဆိုပြီးတော့ ပိတ်လိုက် ကတည်းက ရန်ကုန်ဘက်ကနေ လေယာဉ်နဲ့ တရုတ်နိုင်ငံ ကူမင်းကို လေယာဉ်နဲ့ပို့တယ်။ ပြီးတော့ မြဝတီကနေ ဘန်ကောက်၊ ဘန်ကောက်ကနေပြီးတော့ ကူမင်းကို ပို့ရတယ်။ အဲဒီကတည်းက ရခိုင်ပြည်နယ် ကျေးရွာတွေမှာ ကဏန်းရှာစားတဲ့ ကဏန်း တောင်သူတွေပေါ့နော်။ အဲလိုမျိုး လူတွေကို မှီခိုနေတဲ့ ရခိုင်ကျေးရွာတွေမှာက ရွာတစ်ရွာမှာ အိမ်ခြေ ၁၀၀ ရှိတယ်ဆိုရင် ၇၀ လောက်က ဒီကဏန်းနဲ့ ပတ်သက်တယ်။ အဲဒါကြောင့် အဲဒီကတည်းက အခုဆိုရင် ကျေးရွာတွေမှာ ကဏန်းတစ်ကီလိုကို ၇၀၀၀၊ ၉၀၀၀ လောက် ရနေတဲ့ ကဏန်းက အခုဆိုရင် ၁၅၀၀ လောက် ရတဲ့အချိန်ရှိတယ်။ ၃၀၀၀ လောက် ရတဲ့အချိန်ရှိ တယ် အများဆုံးပေါ့နော်။ အဲလိုမျိုး ဝင်ငွေတွေ တော်တော်ကို လျော့ကျသွားတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းခြေ ဒေသဖြစ်သည့်အတွက် ရေထွက်ပစ္စည်းများ ဖြစ်ကြသည့် ငါး၊ ပုစွန်၊ ကဏန်း စသည့် လုပ်ငန်းမှာ အဓိက အားထားနေရသည့် လုပ်ငန်းများ ဖြစ်သည်။

ရခိုင်ဒေသ၏ ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခုဖြစ်သည့် ကဏန်းလုပ်ငန်းမှာ တရုတ်သို့တင်ပို့ရာ၌ လမ်းခရီးအခက်အခဲ များကြောင့် အဆင်မပြေဖြစ်နေကာ ရခိုင်တွင် ကဏန်းစျေးနှုန်းမှာလည်း တစ်နေ့ထက်တစ်နေ့ ထိုးဆင်းလာနေသည်ဟု သိရသည်။

လက်ရှိတွင် ကဏန်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများ အနေဖြင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရ ကြောင်း၊ လမ်းခရီး အဆင်ပြေနိုင်အောင် သက်ဆိုင်ရာမှ ကူညီပေးစေလိုကြောင်း ကဏန်းလုပ်ငန်းလုပ်ကိုင်နေသူများ၏ ပြောပြချက်အရ သိရသည်။