၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၄

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်များအား တရုတ်ဘက်မှ လက်ရှိအချိန်ထိ ပိတ်ထားသည့်အတွက် ဆန်၊ ပြောင်း စသည့် ကုန်စည်များအား လာအိုနယ်စပ်မှတဆင့် တရုတ်ဘက်သို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရသည်။

အဆိုပါ ကုန်စည်များအား မန္တလေးမှ တောင်ကြီး၊ တောင်ကြီးမှ ကျိုင်းတုံ၊ ကျိုင်းတုံမှ မြန်မာ-လာအို နယ်စပ်ဖြစ်သည့် ဝမ်ပုံဆိပ်ကမ်း၊ ထိုမှတဆင့် မဲခေါင်မြစ်ကိုဖြတ်ကာ လာအိုနိုင်ငံသို့ ပို့ဆောင်လျက်ရှိကြောင်း၊ လာအိုမှ တဆင့် လာအို-တရုတ်နယ်စပ်သို့ စသဖြင့် အဆင့်ဆင့် ပို့ဆောင်လျက်ရှိကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ရှင်းပြ သည်။

၎င်းက “အဲ့လမ်းကနေပြီးတော့ ကျနော်တို့က ဆန်သွားတယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းကထွက်တဲ့ ပြောင်းတွေ တရုတ်ပြည် ကို ပို့တယ်။ တရုတ်နိုင်ငံကနေလာတဲ့ ဓာတ်မြေဩဇာကိုလည်း တရုတ်-လာအို-မြန်မာနယ်စပ်ကနေပြီးတော့ မြန်မာနိုင်ငံထဲ ကို ပို့တယ်။ အဲ့ဒါကတော့ သွင်းကုန်ပေါ့နော်။ ဆန်တို့ ပြောင်းတို့ကတော့ ပို့ကုန်။ ဒါပေမဲ့ အများကြီး သွားလားဆိုတော့ မသွားဘူး။ ယခင်လုပ်နေတုန်းက ထက်စာရင် ၅ ရာခိုင်နှုန်းလောက်ပဲ သွားတယ်။ ကျနော်တို့ တရုတ်-မြန်မာနယ်စပ် ကုန် သွယ်ရေးဟာ လုံးဝဂိတ်တွေ ပိတ်ထားတာ ဇူလိုင် ၈ ရက်နေ့ကတည်းကဆို ဒီကနေ့အထိပဲ။ ဘယ်နေ့ပြန်ဖွင့် မယ်ဆိုတာ လည်း ဘယ်လိုမှ အတိအကျပြောလို့ မရဘူးဖြစ်နေတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တရုတ်ဘက်မှ ဓာတ်မြေဩဇာ အပါအဝင် လယ်ယာသုံးပစ္စည်းများအား တရုတ်-လာအိုနယ်စပ်ကနေ လာအို-မြန်မာနယ်စပ် ကို ဖြတ်ကျော်ကာ ကျိုင်းတုံ- တောင်ကြီး- မန္တလေးလမ်းကြောင်းအား ဖြတ်သန်း၍ မြန်မာနိုင်ငံဘက်သို့ ပြန်သွင်းလျက်ရှိ ကြောင်း သိရ သည်။

ယခင်က မန္တလေးမှ-မူဆယ်သို့ ဆန်တင်ပို့ရာတွင် ၅၀ ကီလိုတစ်အိတ်လျှင် ၂၄၀၀ ကျပ်သာ ပေးရသော်လည်း ယခုတွင် မန္တလေးမှ မြန်မာ-လာအိုနယ်စပ်အထိ ဆန် ၅၀ ကီလိုတစ်အိတ်အား ၅၀၀၀ ကျပ်ပေးရကြောင်း မူဆယ်ဆန်စပါးကုန်စည် ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ယခင်က မန္တလေးမှ-မူဆယ်သို့ တင်ပို့ရာတွင် အချိန်အားဖြင့် ၃ ရက်ခန့်သာ ကြာမြင့်သော်လည်း လက်ရှိလမ်း ကြောင်းအသစ်မှာ ၇ ရက်(တစ်ပတ်ခန့်) ကြာကြောင်း သိရသည်။

ဦးမင်းသိန်းက “ဒီချိန်မှာ တရုတ်ငွေ တန်ဖိုးကလည်း တက်နေတဲ့ အချိန်ဆိုတော့ အကျိုးအမြတ်တော့ ရှိပါတယ်။ အလုပ်ကို ရပ်ထားရမယ့် အတူတူတော့ အခုလို လမ်းကြောင်းအသစ် ကလေးရှာပြီးတော့ သွားလာလှုပ်ရှားတာကတော့ နည်းနည်း လေး အဆင်ပြေတယ် ပြောရမှာ‌ပေါ့။ မူဆယ်ဘက်က သွားတုန်းက တစ်နေ့ကို အိတ် ၄၀၀၀၀ နဲ့ ၅၀၀၀၀ သွားနိုင်တယ် တရုတ်ပြည်ထဲကို။ အခုကျနော်တို့ လာအိုဘက်ကနေ သွားတာကျတော့ တစ်နေ့မှ ၈၀၀၀၊ ၁၀၀၀၀ လောက်ပဲ သွားနိုင် တယ်။ ပြောင်းဆိုလည်း ၄၀၀၀၊ ၅၀၀၀ လောက်ပဲ သွားနိုင်တယ်။ အလုပ် မရှိတာထက် စာရင်တော့ ဒါလေးက အလုပ်ဖြစ် တယ်ဆိုပြီး ဒီလမ်းကြောင်းအသစ်ကို ရွေးလိုက်ရတာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က မြန်မာနှင့်တရုတ် နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများအကြား နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ရန် အစည်းအဝေး လုပ်ကာ ဆွေးနွေးခဲ့ကြသေးသည်။

သို့သော် အစည်းအဝေးတွင် တရုတ်နိုင်ငံဘက်မှ ကုန်ကားများကိုသာ မြန်မာနိုင်ငံဘက်သို့ ထွက်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာ ဘက်မှ ကုန်စည်ကားများကို တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ခွင့်မပြုကြောင်း တရုတ်ဘက်မှ ပြောကြားခဲ့သည့်အတွက် သဘောတူညီမှု မရဘဲဖြစ်ကာ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပေ။ ထို့နောက် လက်ရှိ အချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား ကိုဗစ်အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံဘက်မှ ဇူလိုင် ၈ ရက်နေ့ကနေ လက်ရှိအချိန်ထိ ပိတ်ထားခြင်းဖြစ်သည်။