CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅

၂၀၂၄ - ၂၀၂၅ ကြံရာသီတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွှေညောင်မြို့နယ်ရှိ သကြားစက်ရုံတစ်ခုဖြစ်သည့် မြဘုရင် သကြားစက်ရုံက ကြံတစ်တန်ကို စက်ရုံအရောက်ဈေး ၂ သိန်းကျပ်ဖြင့် ဈေးဖွင့်လာကြောင်း သိရသည်။

တခြားစက်ရုံများက ဈေးတန်းဖွင့်ခြင်း မရှိသေးကြောင်း၊ ယခုကဲ့သို့ မြဘုရင် သကြားစက်ရုံက ကြံတစ်တန် ၂ သိန်းကျပ် ပေးလာသည့်အပေါ် တခြားစက်ရုံများက သူ၏ ဈေးနှုူန်းနီးပါး ၁ သိန်း ၇ သောင်းကျပ်ခန့် ပေးလာနိုင် သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်း ဌာနသို့ ပြောသည်။

“စက်တစ်လုံးတည်းပဲ တရားဝင်ကြေညာသေးတာပါ။ မြဘုရင်က တောင်လေးလုံး သကြားစက်။ နှစ်တိုင်းကတော့ သူက များပါတယ်။ တခြားစက်ရုံတွေက သူ့လောက် မပေးတာတောင်မှ သူ့ နီးနီးပေါ့၊ ၁ သိန်း ၇ သောင်းတို့ ပေးလာနိုင်တာပေါ့၊ ပေးဖို့ များပါတယ်။ အခြေခံကတော့ အနိမ့်ဆုံး ၁ သိန်းခွဲပေါ့နော်။ အဲဒီထက် မြင့်ရင် ၁ သိန်း ၇ သောင်းပေါ့။ ၁ သိန်း ၇ သောင်းလောက် ပေးနိုင်ရင်တော့ တောင်သူအတွက် မဆိုးဘူးပေါ့” ဟု ပြောသည်။

မြဘုရင် သကြားစက်ရုံသည် တခြားသော သကြားစက်များထက် နှစ်စဉ်နှစ်တိုင်း ဈေးနှုန်း ပိုပေးလေ့ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ကြံတစ်တန်ဈေးနှုန်း ၁ သိန်း ၂ သောင်းနှင့် ၁ သိန်း ၃ သောင်းဝန်းကျင်တွင် ရှိသော်လည်း မြဘုရင်သကြားစက်ရုံက ၁ သိန်း ၅ သောင်းဖြင့် ဝယ်ယူခဲ့သည်ကို တွေ့ရသည်။

ယခုနှစ်တွင် တောင်သူအများစုက ကြံတစ်တန်ဈေးနှုန်းကို ၁ သိန်း ၇ သောင်း ရရှိရန် တောင်းဆိုနေချိန်တွင် မြဘုရင်သကြားစက်ရုံက ၂ သိန်းကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။

ကြံချောင်းများကို ခုတ်ရှင်းနေစဉ်

မြဘုရင်သကြားစက်တည်ရှိရာ ရွှေညောင်မြို့နယ်အနီးတစ်ဝိုက်တွင် အသေးစားသကြားစက်ရုံ အများအပြား ရှိနေခြင်းကြောင့် ကြံလိုအပ်ချက် ဖြစ်ပေါ်နေသည့်အတွက် ဈေးတိုးပေး၍ ဝယ်ရခြင်း ဖြစ်သည်ဟု ဦးဝင်းဋ္ဌေးက ဆက်ပြောသည်။

“အဲဒီဘက်က ကြံကလည်း နည်းနည်း လုဝယ်ရတာလည်း ရှိတယ်။ တချို့က စက်သေးသေးလေးတွေရော၊ အဲဒီ စက်တွေ၊ ဘာတွေ ရှိတော့ ကြံက သိပ်မပေါတော့ ဈေးပိုပေးဝယ်ရတာ။ သူက ၁ ရက်ကို တန်ချိန် ၂ ထောင်နီးပါး လောက် ကြိတ်နိုင်တယ် သူ့စက်ရုံက။ သူကတော့ ကျနော်တို့ အင်းစောင်းပေါ့၊ အင်းပတ်ပတ်လည်က စိုက်တဲ့ကြံ တွေ သူ့ဆီမှာ ရောက်တယ်။ ရပ်စောက်ဘက်က ကြံတွေ ရောက်တယ်။ နောက်ပြီး တချို့ဟာတွေကျတော့ ဟိုပုံး ကနေလည်း လာတယ်။ ဒါပေမယ့် အဲဒါကတော့ နည်းနည်းဝေးတယ်၊ အများဆုံးကတော့ အင်းစောင်းက ကြံတွေ များပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ရှမ်းပြည်နယ် ရွှေညောင်မြို့ရှိ  မြဘုရင်သကြားစက်က စက်ရုံအရောက်စျေး ကြံတစ်တန်ကို ၂၀၀၀၀၀ ကျပ်အဖြစ် စျေးဖွင့်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်ထက် ၅ သောင်းကျပ်တိုးမြင့်လာသည်။

အဆိုပါ ကြံတစ်တန်ကို  ၂ သိန်း ကျပ်ဆိုသည့် နှုန်းထားသည်  စက်ရုံအရောက်ပို့ဆောင်ရခြင်းဖြစ်ပြီး ကားခ၊ အလုပ်သမားခအပါများကို တွက်ချက်လိုက်မည်ဆိုပါက ကြံစိုက်တောင်သူအတွက် ကြံတစ်တန်ရောင်းပြီး ကျန်ငွေ သည် ၁ သိန်း ၅ သောင်းကျပ်  ဝန်းကျင်သာ ကျန်ရှိမည် ဖြစ်သည်။