၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို သုံးလကြာ ပိတ်ထားပြီးနောက် ပြန်လည် ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် အိန္ဒိယ ဈေးကွက်ဖြင့် ယှဉ်ပြိုင်နေရသည်ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးတင်အောင်ဦး က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများကို အောက်တိုဘာ ၁၃ ရက်က မြန်မာအစိုးရမှ ပြန်လည် ဖွင့်လှစ်ခဲ့သည်။သို့သော် သုံးလကြာ ပိတ်ထားခဲ့ခြင်းကြောင့် ကုန်သွယ်ရေးဈေးကွက်အချို့ ပျောက်ဆုံးနေသလို အိန္ဒိယဈေးကွက်နှင့် ယှဉ်ပြိုင်နေရသည့်အတွက် ခက်ခဲနေသေးကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သယ်များထံမှ သိရသည်။
ဦးတင်အောင်ဦးက “လက်ရှိကတော့ ဈေးကွက်တွေက ဟိုဘက်မှာ ကြက်သွန်ဆိုလည်း ကြက်သွန်ဈေးကွက်ပေါ့လေ။ အဲဒါကို ပြန်ရအောင် တော်တော်လေးတော့ ကျနော်တို့ ကြိုးစားနေရဆဲပဲ။ အဓိကကတော့ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်မှာ ကျနော်တို့ အိန္ဒိယရဲ့ ကြက်သွန်နဲ့ ယှဉ်ပြိုင်နေရတဲ့ အခြေအနေဆိုတော့ နည်းနည်းလေးတော့ အခက်အခဲ ရှိပါတယ်။ အဲဒါတော့ ကြိုးစား ရင်းနဲ့ပဲ ကျနော်တို့ ပြန်ပြီးတော့ လုပ်ရမှာပေါ့လေ။ နောက်တစ်ခုကလည်း ရေချိုငါးကလည်း အဲဒီအတိုင်းပဲ။ ရေချိုငါးကလည်း ဈေးကွက်ကလည်း ဘင်္ဂလားဒေ့ရှ် ဈေးကွက်ကိုတော့ လက်ရှိမှာ တင်ပို့နေတဲ့ဟာတွေက စပြီးတော့ ရှိနေပါပြီ။ ဒါပေမယ့် တ အားကြီး များများစားစားကြီးတော့ ဖြစ်လာတဲ့ပုံစံတော့ မရှိသေးဘူးဗျ။ အရင်တုန်းက ဖွင့်ခဲ့တဲ့ ပုံစံလောက်အထိတော့ ပမာဏ က မတက်လာသေးဘူးပေါ့လေ။ အဲဒါကလည်း တစ်ဖက်နိုင်ငံရဲ့ ရေချိုငါး ဈေးကွက်အခြေအနေကိုလည်း စောင့်ကြည့်ပြီး တော့ သုံးသပ်တာဖြစ်တဲ့အတွက် ဒါကတော့ အခုချိန်မှာ ပြောဖို့ကတော့ တော်တော်လေး ခက်ပါတယ်”ဟု CNI သတင်းဌာန သို့ ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန် သွယ်မှု ပြုလုပ်နေသည့် မောင်တောမြို့နယ်ရှိ ကညင်ချောင်း စီးပွားရေးဇုန်လမ်း ပျက်စီးနေ၍ အမှတ်(၁) အဝင်အထွက်စခန်း (POE)သို့ ပြောင်းလဲ ကုန်သွယ်နေရသည်။
POE စခန်းတွင် ကုန်သွယ်ရေး လုပ်မည့် သင်္ဘောများ၊ စက်လှေများ ဆိုက်ကပ်၍ ဆောင်ရွက်လျက်ရှိပြီး ထိုစခန်း၌ တစ်နေ့ လျှင် သင်္ဘောများ တစ်စီး၊နှစ်စီးသား ဆိုက်ကပ်ခွင့်ရသည့် အတွက် အချိန်ကြန့်ကြာမှုများရှိကြောင်း ကုန်သည်များက ဆိုသည်။
လက်ရှိတွင် မောင်တောမြို့နယ်မှ ကုန်သည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာမှာ စစ်တွေ နယ်စပ်စခန်း ၌ ကုန်သွယ်မှု ပြုလုပ်နေရခြင်းကြောင့် ပျက်စီးနေသော ကညင်ချောင်းစီးပွားရေးဇုန်လမ်းကို အမြန်ဆုံး ပြုပြင် ပေးစေလို ကြောင်း မောင်တောမြို့နယ်မှကုန်သည် ဦးအောင်နိုင်က ပြောသည်။
၎င်းက“ကုန်သည်တွေဘက်က ကွာခြားသွားတာ အများကြီး ရှိပါတယ်။ စီးပွားရေးဇုန်ဆိုတော့ နယ်စပ်စခန်းလို ပုံစံမျိုးပါ။ ကုန်ချ လို့ရတယ်။ လှေကတော့ ၄/၅/၆ စီး တချိန်တည်း ကပ်ပြီးတော့ ကျနော်တို့ ပစ္စည်းချလို့ရတယ်။ POE စခန်းကနေ ချ မယ်ဆိုလို့ရှိရင် အဆင်မပြေဘူး။ တစ်ရက်ကိုဆိုရင် လှေတစ်စီးပဲ ချလို့ရမှာ။ အများဆုံး နှစ်စီးရမယ်။ ကညင်ချောင်း စီးပွားရေး ဇုန်ကို သူတို့ မဖွင့်ခင် ကျနော်တို့ စစ်တွေကနေပဲ သွားနေတာပါ။ ဒီမှာက ကမ်းကပ်မယ့်နေရာ အဆင်မပြေနိုင်ဘူး။ တစ်ခါ တလေ ကျနော်တို့ ငါးအစိမ်းဆိုတော့ အဆင်မပြေတော့ ကျနော်တို့ နစ်နာမယ်၊ ပုပ်မယ်ဆိုတော့ လောလောဆယ် ကျနော်တို့ စစ်တွေကနေပဲ လုပ်ကြတယ်။ ကျနော်တို့တော့ ကညင်ချောင်းစီးပွားရေးဇုန်လမ်းကို အမြန်ဆုံးကောင်းအောင် လုပ်ပေးစေ ချင်တာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်သွယ်ရေးစခန်း (၃) ခုရှိပြီး စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်း၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ကညင်ချောင်းစီးပွားရေးဇုန်တို့ ဖြစ်သည်။
ရခိုင်ပြည်နယ် ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်နှင့် ကြက်သွန် အပါအဝင် မီးဖိုချောင်သုံး ကုန် ပစ္စည်းများကို တင်ပို့လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတော့မူ ပလစ်စတစ် လူသုံးကုန်ပစ္စည်းများ ပြန်လည် တင်သွင်း ကြောင်း သိရသည်။