၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁၈
ရွှေစျေးနှုန်းအား ထိန်းရန်အတွက် စက္ကူရွှေ(Gold Paper)ကို ဘဏ်မှတစ်ဆင့် ရောင်းချနိုင်ရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှ လုပ်ဆောင်နေကြောင်းသိရသည်။
ထိုသို့ ဘဏ်မှရောင်းချရာတွင် စက္ကူရွှေများသည် အရည်အသွေးစစ်ဆေးထားသော လက်မှတ်ရထားသည့် ရွှေများ ဖြစ်ကြောင်းနှင့် ဝယ်ယူမည့်သူများအနေဖြင့် ငွေသယ်လာစရာမလိုဘဲ ဘဏ်အကောင့်မှတဆင့် လွှဲထည့်ရုံသာ ဖြစ် ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရှင်းပြသည်။
“ငြိမ်သွားမယ်။ ငြိမ်ကိုငြိမ်သွားမယ်။ လုဝယ်စရာမဟုတ်တဲ့အတွက်။ နောက် ဘဏ်မှာရွှေရှိတယ်ဆိုတာ လူတွေ သိထားတဲ့အတွက် စိုးရိမ်ကြောင့်ကြမှု မရှိတော့ဘူးပေါ့။ အခုကကျနော်တို့ အသင်းတစ်နေရာစာထဲမှာ ရောင်းပေး တဲ့အခါကျတော့ ဈေးတက်လာရင် အကုန်လုံးစုပြုံပြီးတော့ လာတိုးဝယ်ပြီးတော့ ဈေးပိုပေးတယ်ဆိုတော့ စျေးကွက်မငြိမ်ဘူးပေါ့။ ကျနော်တို့ ဘဏ်မှာလည်းရောင်းပေးမယ်။ အသင်းမှာလည်းရောင်းပေးမယ်။ ဆိုင်တွေမှာ လည်း ရောင်းပေးမယ်။ ဒီလိုဆိုရင် ဈေးနှုန်းကငြိမ်သွားမယ်”ဟု သူက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတကာရှိ ဘဏ်များတွင် ဒေါ်လာအပြင် ရွှေကိုပါရောင်းချပေးနေကြပြီး ယခုကဲ့သို့ ဘဏ်မှတဆင့်ရောင်းချရန် လုပ်ဆောင်ခြင်းသည် စျေးကွက်အားကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ရောင်းချပေးမည့် ရွှေများအား YGEA အသင်းက ဘဏ်တွင် အပ်နှံပေးထားမှာဖြစ်ပြီး အဆိုပါရွှေများအား ဘဏ်တွင် တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ကာ ယင်းသို့ ဝယ်ယူပြီးနောက် ရွှေများကို ဘဏ်တွင် ပြန်လည် အပ်နှံနိုင်သကဲ့သို့ ရယူလိုပါကလည်း တခါတည်း ရယူသွားနိုင်ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ဝယ်ယူမည့်သူများသည် လက်ရှိဖွင့်ထားလျက်ရှိသည့် ဘဏ်အကောင့်ထဲမှ ငွေဖြင့်ဝယ်ယူ၍ မရနိုင်ဘဲ အကောင့်အသစ်ဖွင့်ပြီးမှသာ ဝယ်ယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရှင်းပြသည်။
ဥက္ကဋ္ဌ ဦးမျိုးမြင့်က “Gold paper ကတော့ ကျနော်တို့ ခုနကအပ်ထားတဲ့ဟာကို ဘဏ်ကနေပြီးတော့ ဂရန်တီ ကဒ်တစ်ခုထုတ်ပေးမယ်ပေါ့။ အဲဒီ ဂရန်တီကဒ်နဲ့ အရောင်းအဝယ်လုပ်တာပါ။ ဘဏ်ကလည်း ကျနော်တို့အပ်တဲ့ ရွှေပေါ်မှာ သူတို့ဝန်ဆောင်ခယူမယ်ပေါ့။ နောက် ဝယ်တဲ့သူက သူတို့ဆီမှာပြန်အပ်ရင်လည်း စာရင်းတစ်ခု အ ကောင့်ဖွင့်ပြီး လက်ခံပေးမယ်ပေါ့”ဟု ဆိုသည်။
လက်ရှိတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆင့်သင့်ဖြစ်နေပြီး ဗဟိုဘဏ်၏ခွင့်ပြုမိန့်ကို စောင့်နေ ကြောင်း ၎င်းက ဆက်ပြောသည်။
YGEA မှ ရွှေအရောင်းအဝယ်ပြုလုပ်ရန်အတွက် ဆော့ဖ်ဝဲလ်ရေးဆွဲထားပြီးဖြစ်ကာ နောက်ပိုင်း တည်တည်ငြိမ်ငြိမ် ဖြစ်သွားသည့်အခါတွင် အဆိုပါ ဆော့ဖ်ဝဲလ်ဖြင့် ရွှေအရောင်း အဝယ်လုပ်မည်ဖြစ်ကြောင်းနှင့် Gold Paper မှ နိုင်ငံတကာရောင်းဝယ်သည့်စနစ် Gold Exchange စနစ်သို့ ကူးပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်တွင် အကယ်ဒမီ ရွှေ တစ်ကျပ်သားတန်ဖိုးမှာ ကျပ် ၁၃ သိန်းကျော် သာ ရှိခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲ၏ သက်ရောက်မှုများကြောင့် ရွှေဝယ်ယူမှု များပြားခဲ့သည်။
အဲဒီနောက် ရွှေတန်ဖိုးမှာ တစ်ကျပ်သားလျှင် ကျပ် ၂၂ သိန်းကျော်အထိ စံချိန်တင်မြင့်တက်သွားခဲ့ပြီး ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင် မြန်မာ့ရွှေဈေးမှာ ၁၈ သိန်းကျော်ရှိကြောင်း သိရသည်။