၂၀၂၁ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့ ကုန်သွယ်မှုပြုလုပ်နေသည့် ရေ လမ်းကြောင်း များကို အောက်တိုဘာလ ၁၄ ရက်မှစတင်ပြီး စစ်ရေးတင်းမာမှု အခြေအနေများကြောင့် တပ်စွဲထားသည့် တပ်မတော်ဘက်က ပိတ်ထားလိုက်ကြောင်း သိရသည်။
“ပိတ်လိုက်တာ ဒီတစ်ရက်နှစ်ရက်ကမှ ပိတ်လိုက်တာ။သူတို့က ကျနော်ထင်တယ် နိုင်ငံရေးနဲ့ နည်းနည်း သက်ဆိုင်တာ ထင်တာပဲ။အခြေအနေကလေ နည်းနည်း စစ်ရေးအရတင်းမာတဲ့ အခြေအနေ ပြန်ဖြစ်လာလို့ ပိတ်လိုက်တာ ခင်ဗျ” ဟု ချင်းပြည်နယ် ကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များအသင်း (CFCCI)၏ ဘဏ္ဍာရေးမှူး ဦးခင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
ယခုကဲ့သို့ ပလက်ဝနှင့်ကျောက်တော် ရေလမ်းကြောင်းကို ဆက်လက်ပိတ်ထားလျှင် ကုန်စည် ပြတ်တောက်မှုများ ရှိလာနိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
“သက်ရောက်မှုက ပလက်ဝက ခုကနေ မကဘူး။ အရင်တုန်းကလည်း တော်တော်လေးကို သက်ရောက်မှု ရှိထားတာ။ အခု ကျနော်တို့ ကုန်သည်ကြီးများအသင်းကလည်း ဒါကိုပဲ စဉ်းစား နေကြတာ။ အရင်တုန်းကတော့ ကုန်တင်ဖို့ တစ်ပတ်ကိုတစ်ကြိမ်၊ တစ်လကိုတစ်ကြိမ်၊ နှစ်ကြိမ်လောက် ခွင့်ပြုတာရှိတယ်။ အခုက ဒီလိုမျိုး ခွင့်ပြုမလားဆိုတာတော့ အခုလောလောဆယ်တော့ မသိရသေးဘူး။ အခုလောလောဆယ်တော့ စစ်တပ်က ယာယီပိတ်တယ်လို့ ကျနော်တို့ သတင်းရထားတယ်။ တိကျတဲ့ သတင်းလည်း မှန်တယ်။ တကယ်လို့ အဲလိုသာ တစ်ပတ်၊ နှစ်ပတ် ခွင့်မပြုဘူးဆိုရင် ပြည်သူတွေ ကတော့ တော်တော်လေး ဒုက္ခရောက်ကြမှာ သေချာတယ်။ စားဝတ်နေရေး၊ ကျန်းမာရေးက အစပေါ့ လေ”ဟု ဘဏ္ဍာရေးမှူး ဦးခင်အောင်က ဆိုသည်။
ပလက်ဝ - ကျောက်တော် ကုန်တင်စက်လှေများကို ပလက်ဝမြို့တွင် တပ်စွဲထားသည့် တပ်မတော်မှ ယခင်က တစ်ပတ်နှစ်ကြိမ်ခန့် သွားလာခွင့်ပြုပေးခဲ့သော်လည်း ယခုလ အောက်တိုဘာ ၁၄ ရက်နေ့မှစ၍ သွားလာခွင့် မပြုတော့ခြင်းဟု သိရသည်။
ယခင်က ပလက်ဝ သို့ ဟားခါး - မတူပီ လမ်းကြောင်းမှ ကုန်စည်ဝင်ရောက်မှုရှိခဲ့သော်လည်း လက်ရှိမှာ အဆိုပါလမ်းကြောင်းသည်လည်း စစ်ရေးတင်းမာမှုများကြောင့် ကုန်စည်ဝင်ရောက်မှု မရရှိသည့် အခြေအနေ ရှိလာသည့်အတွက် ပလက်ဝအတွက် ကျန်းမာရေး၊ စီးပွားရေး အခက်အခဲများနှင့် တွေ့ကြုံရနိုင်သည်ဟု ဦးခင်အောင်က ဆက်ပြောသည်။
“အရင်တုန်းကဆိုရင် ရခိုင်လမ်းကြောင်း၊ ရေလမ်းကြောင်းကို ပိတ်တယ်ဆိုရင် မတူပီ၊ ဟားခါး၊ မင်းတပ်၊ ပခုက္ကူ ဘက်ကနေ ဝင်တာရှိတယ်။ ခု အဲဘက်က ပိုဆိုးသွားပြီလေ။ အခုက အဖက်အဖက်ကနေ ပိတ်ဆို့မှုဖြစ်သွားတော့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အခုတောင်မှ တော်တော်လေးကို ဒုက္ခရောက်နေတာ။ တချို့ဆိုရင် အိမ်သုံး ဆားတို့၊ ငါးပိတို့တောင်မှ မစားနိုင်တဲ့အနေအထား အများကြီး ရှိတယ်။ အခုချိန်မှာ ဆက်ပိတ်မယ်ဆိုရင် ကျနော်ထင်တယ် လူတွေက သေရေး ရှင်ရေး ဖြစ်သွားနိုင်တဲ့အထိတောင်မှ ဖြစ်သွားနိုင်တယ်။”
စစ်ရေးအရ ကျောက်တော်နှင့် ပလက်ဝမြို့ ရေလမ်းကြောင်းကို ပိတ်ထားမည်ဆိုလျှင် ကုန်စည်သွားလာ ဖြတ်သန်းခွင့် တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် ရရှိရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ပလက်ဝမြို့သည် တောင်ဘက်တွင်ရှိသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် နယ်နမိတ်ထိစပ်နေပြီး ၎င်း၏ အဓိက ကုန်သွယ်ရာ ဒေသတစ်ခုလည်းဖြစ်သည့်အတွက် အဆိုပါ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည် ဖွင့်လှစ် မပေးပါက ကုန်စည်ပြတ်လပ်မှုအခြေအနေဖြစ်ပေါ်လာမည်ကို ပလက်ဝဒေသခံများက စိုးရိမ်နေကြသည်။