၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၇
၂၀၂၁-၂၀၂၂ ကြံစိုက်ရာသီတွင် တောင်သူများထံမှ ကြံတစ်တန်လျှင် ကျပ် ၆၀၀၀၀ ဖြင့် ဝယ်ယူမှာဖြစ်ကြောင်း ဂရိတ်ဝေါ(လ်) ဝေမာ(လ်)ကုမ္ပဏီက ပြောသည်။
ဂရိတ်ဝေါ(လ်) ဝေမာ(လ်)ကုမ္ပဏီက ကြံတစ်တန်လျှင် အခြေခံဈေးနှုန်းအနေဖြင့် ကျပ် ၆၀၀၀၀ ဖြင့် ဝယ်ယူမည်ဟု ကြေညာခဲ့ခြင်းအပေါ် ကြိုဆိုကြောင်း၊ သကြားဈေး ပေါက်ဈေးဖြင့်ဆိုလျှင် နည်းနေသေးကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက ဆိုသည်။
၎င်းက‘‘ကြိုဆိုရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဈေးပေးတဲ့အတွက်။ ဒါပေမယ့်လည်း လက်ရှိ ပေါက်ဈေးနဲ့ဆိုရင်တော့ နည်း နည်း နည်းသေးတာပေါ့ သကြားပေါက်ဈေးနဲ့တွက်ရင်။ အဲဒါက သူကသကြား ၁၈၀၀ ဆိုရင် ၆၄၀၀၀ အထိ ပေးမယ် ဆိုတော့ အဲလိုမျိုးလေးပေါ့နော်။ အဲလိုပေးသွားမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့။ သူ့ရဲ့ဟာကတော့ ဈေးနှုန်းအရှင် ဖြစ် နေတာပေါ့။ ၆၀၀၀၀ ဆိုတာက သကြားဈေး ၁၆၀၀ နဲ့ တွက်ထားတာပေါ့။ ၁၈၀၀ များ တကယ်လို့ သကြားဈေး ဖြစ် နေခဲ့ရင် သူက ၆၄၀၀၀ ပေးမယ်ဆိုပြီး အတိအလင်း ကြေညာထားတယ်။ အရင်ဈေးတွေနဲ့ စာလို့ရှိရင် ၆၀၀၀၀ က တောင်သူတွေအတွက် အခွင့်အလမ်း တစ်ခု ရှိတာပေါ့။’’ ဟု CNI သို့ ပြောသည်။
ပြီးခဲ့သည့်နှစ် ကြံစိုက်ရာသီတွင် ကြံတစ်တန်လျှင် ကျပ် ၄၀၀၀၀ ခန့်သာ သတ်မှတ်ပေးခဲ့ခြင်းကြောင့် တောင်သူများ အရှုံး ပေါ်ပြီး ကြံစိုက်ဧကများ လျှော့ချ၍ စိုက်ပျိုးခဲ့ကြရကြောင်း ကြံစိုက်တောင်သူများထံမှ သိရှိရသည်။
ကြံများခုတ်၍သယ်ယူရန်ပြင်ဆင်နေစဉ်။
ယခုနှစ်တွင် တောင်သူများ ရင်ဆိုင်နေရသည့် သွင်းအားစုစရိတ် မြင့်တက်ခြင်းကို ဖြေရှင်းနိုင်ရန်နှင့် လာမည့် ကြံရာသီ၌ စိုက်ပျိုးသည့်ဧက တိုးတက်လာစေရန်အတွက် ကြံတစ်တန်လျှင် ကျပ် ၆၀၀၀၀ ဈေး ပေးဝယ်ခြင်း ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက ပြောသည်။
၎င်းက“ကျနော်တို့လည်း ၆၀၀၀၀ ဝန်းကျင်လောက် မျှော်မှန်းထားတာပဲ။ မျှော်မှန်းထားတဲ့ဈေး သူတို့က ပေးလိုက်တဲ့ သဘောပါပဲ။ ကြံတောင်သူလည်း ကြံစိုက်ချင်အောင်၊ လာမယ့်နှစ်တွေအတွက် ကြံစိုက်ပျိုးလာအောင် အဲအပိုင်းတွေလည်း ပါတာပေါ့။ ကြံတောင်သူတွေအနေနဲ့ ဒီဈေးလောက် အခြေခံပေးထားရင်တော့ တောင်သူတွေက သွင်းအားစုတွေ ဘာညာနဲ့ ဆိုရင်တော့ ကြံတောင်သူတွေက ဒီဈေးနဲ့ဆို ပျော်ပါတယ်။ စက်ရုံနဲ့ တောင်သူတွေအတွက် ဒီဈေးကတော့ မျှတတယ်လို့ ပြော လို့ ရပါတယ်”ဟု CNI သို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ဂရိတ်ဝေါ(လ်)သကြားစက်ရုံမှ အခြေခံ ကြံတစ်တန်ပေါက်ဈေး ကျပ် ၆၀၀၀၀ နှုန်းဖြင့် ဝယ်ယူမှာ ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ငွေရည်ပုလဲ သကြားစက်ရုံနှင့် မိုင်းယန်သကြားစက်ရုံများကလည်း ကျပ် ၅၅၀၀၀ ဖြင့် ဝယ်ယူ မည်ဖြစ်ကြောင်း ကြေညာထားသည်။
သို့သော် ရှမ်းပြည်နယ်ရှိ သကြားစက်ရုံများသည် လတ်တလောတွင် ကျပ် ၅၅၀၀၀ ဖြင့် ဝယ်ယူမည်ဖြစ်သော်လည်း သကြား ဈေးနှုန်းအတိုင်း ဈေးတိုးပေးဝယ်လာရန် ရှိနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက သုံးသပ်သည်။
သကြားစက်ရုံကုမ္ပဏီများ၏ ထုတ်ပြန်ချက်တွင် သကြားတစ်ပိဿာ ၁၆၅၀ ကျပ်ကို ကြံတစ်တန်ဈေး ၆၁၀၀၀ ကျပ်နှုန်း၊ တစ်ပိဿာ ၁၇၀၀ ကျပ်ကို တစ်တန်ဈေး ၆၂၀၀၀ ကျပ်နှုန်း၊ တစ်ပိဿာ ၁၇၅၀ ကျပ်ဆိုရင် တစ်တန်ဈေး ၆၃၀၀၀ ကျပ်နှုန်း ဖြင့် အမြင့်ဆုံးဈေး သကြားတစ်ပိဿာ ၁၈၀၀ ကျပ်အထက်ကို ကြံတစ်တန်ဈေး ၆၄၀၀၀ ကျပ်အထိ ဝယ်ယူပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - - ကြံများအားလုံး တရုတ်သို့ တင်ပို့ခွင့်မရပါက ပြည်တွင်းကို ရောင်းချရန် အခက်အခဲရှိ