၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၆
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်ဖွင့်ပေးမည့်အစီအစဉ်ကို နှစ်နိုင်ငံ သဘောတူညီမှု မရရှိသောကြောင့် ဆိုင်းငံ့ကာ ရက်ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။
အောက်တိုဘာလ(၁၄)ရက်တွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများသည် ပိတ်ထားသည့် နယ်စပ်ကုန်သွယ်ရေး အဝင်အထွက်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် အွန်လိုင်းအစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် တရုတ်နိုင်ငံဘက်မှ ကုန်စည်ကားများသာ မြန်မာနိုင်ငံဘက်သို့ ထွက်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာဘက်မှကုန်စည်ကားများကို တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ခွင့်မပြုကြောင်း တရုတ်ဘက်မှ ပြောကြားခဲ့သည့်အတွက် သဘောတူညီမှု မရရှိကာ မဖွင့်နိုင်တော့ခြင်းဖြစ်ကြောင်း မူဆယ် ဆန် ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။
“ဂိတ်တွေဖွင့်ရင် တရုတ်နိုင်ငံက ကုန်ပစ္စည်းကို မြန်မာနိုင်ငံကို ပို့ပေးမယ်။ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို တရုတ်က အဝင်မခံဘူးတဲ့ အဲဒီလို တင်ပြလာတယ်။ မြန်မာဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း ဒါဆိုရင် မဖြစ်နိုင်ပါဘူးတဲ့။ ခင်ဗျားတို့ဘက်က ကားအစီးရေ တစ်ထောင်ဝင်ရင် ကျနော်တို့ဘက်က ကားအစီးရေ တစ်ထောင် တရုတ်နိုင်ငံဘက်က ဝင်ခွင့်ပြုမှသာလျှင် နှစ်ဖက်ကုန်သွယ်မှု ညီမျှမယ်ပေါ့လေ။ အခုတောင် ကုန်သွယ်မှုက တစ်ဖက်နိုင်ငံကောင်းကျိုးဖြစ်နေတယ်။ ခင်ဗျားတို့တင်ပြတဲ့ တရုတ်နိုင်ငံပစ္စည်း မြန်မာပြည် ဝင်မယ်၊ မြန်မာပြည်ပစ္စည်း တရုတ်နိုင်ငံကို မဝင်ရဘူးဆိုတဲ့အဖြေကို လက်မခံနိုင်ပါဘူးတဲ့ ပြန်လည်ပြီး စဉ်းစားပေးပါဆိုတော့ သူတို့က ဟုတ်ပါပြီ အထက်ကို ပြန်တင်ပြပေးပြီးတော့ အကြောင်းပြန်ပါမယ်ဆိုပြီးတော့ အစည်းအဝေးက ပြီးသွားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိအချိန်သည် ပွင့်လင်းရာသီဖြစ်၍ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်၊ ဟင်းသီးဟင်းရွက်နှင့် ဆန်စပါး ပေါများသည့်အချိန်ဖြစ်သည့်အတွက်ကြောင့် နှစ်ဦးနှစ်ဖက် မျှမျှတတဖြင့် တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်မှသာ အဆင်ပြေနိုင်မှာဖြစ်ကြောင်း ဦးမင်းသိန်းက ဆက်ပြောသည်။
“ဒီအချိန်မှာ မြန်မာပြည်အောက်ပိုင်းက ဆန်အသစ်တွေ တအားထွက်နေပြီ။ အရင်တုန်းက တရုတ်ပြည်ဖွင့်တဲ့ အချိန် တရုတ်ပြည်သွားဖို့ရှိတယ်။ လယ်သမားတွေက စပါးပေါ်ချိန်မှာ ဈေးကောင်းရတယ်။ အခုဆိုရင် ကျနော် တို့က တရုတ်ပြည်မပို့ရတဲ့အတွက် ဈေးကောင်းကောင်းမရဘူး။ ဈေးကောင်းကောင်းမရတဲ့အတွက် တောင်သူ လယ်သမားတွေအတွက် အများကြီးထိခိုက်တယ်။ နံပါတ်နှစ်က ကျနော်တို့ ကုန်သည်တွေအဖို့လည်း အရင်တုန်း ကဆို ဘာပဲပြောပြော တစ်နေ့ကို ဆန်အိတ်(၄/၅/၆)သောင်းလောက် သွားလို့ရတယ် တရုတ်ပြည်ကိုလေ။ ဒီ အတွက် ကျနော်တို့ ကုန်သည်တွေအတွက်လည်း အများကြီး နစ်နာမှုတွေဖြစ်တယ်။ ကားသမားတွေအတွက် လည်း နစ်နာမှုဖြစ်တယ်။ အလုပ်သမားတွေအတွက်လည်း နစ်နာမှုဖြစ်တယ်။ ဒါကြောင့် ကျွန်တော်က ဖြစ်နိုင်မယ်ဆိုရင် ဒီ ဂိတ်ပေါက်ကို နှစ်ဦးနှစ်ဖက် မျှမျှတတ ပြန်လည်ဖွင့်လှစ်ပေးစေချင်ပါတယ်” ဟု ဆိုသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများကို တရုတ်နိုင်ငံဘက်က ကိုဗစ်ရောဂါ အကြောင်းပြပြီး ဧပြီလ လဆန်းပိုင်းမှ စတင်ကာ ယာယီပိတ်ထားခြင်းဖြစ်သည်။