၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၆

ကညင်ချောင်းစီးပွားရေးဇုန်အတွင်း လမ်းများပျက်စီးမှုရှိနေ၍ မောင်တောနယ်စပ်ကုန်သွယ်မှုကို ယခင်ကုန်သွယ်မှုပြုခဲ့သည့် အမှတ်(၁)အဝင်အထွက်စခန်း(POE)သို့ ပြောင်းလဲ ကုန်သွယ်မည် ဖြစ်ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

အဆိုပါ စီးပွားရေးဇုန်လမ်းပိုင်း ပျက်စီးနေမှုနှင့်ပတ်သက်ပြီး ပြန်လည်ပြုပြင်ဖို့ အစီအစဉ်ကို ပြည်နယ်ကောင်စီအား မေးမြန်းရာတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေချုပ် ဦးလှသိန်းက CNI သတင်းဌာနသို့ ယခုလို ပြောသည်။

“ကညင်ချောင်း စက်မှုန်ဇုန်က ကျနော်တို့ ပြည်နယ်အစိုးရက ဘယ်လောက်ပါဝင်သလဲ။ အဲဒီစက်မှုဇုန်ရဲ့ အကျိုးစီးပွားတွေက ဘာတွေရှိသလဲ။ ပြည်နယ်အစိုးရအတွက် ဘာအကျိုး အမြတ်ရှိသလဲ ဆိုတာလေး တွေကို ကျနော် ပြန်စိစစ်ဖို့ လိုအပ်ပါတယ် အခုချိန်မှာလေ။ ဒီမှာ သုံးသပ်မိထားတာကတော့ ဒီလမ်းကို ဘယ်လိုပြင်မလဲ။ တစ်ယောက်တစ်ဝက်နှုန်းနဲ့ ပြင်ပေးမလား။ အစိုးရဆိုတာကတော့ဗျာ ဘယ်နေရာမှာ အခက်အခဲရှိရှိ အစိုးရက ဖြေရှင်းပေးရမယ်ဆိုတာ အစိုးရရဲ့တာဝန်လို့ ကျနော်တို့က ဒီလိုခံယူတာ။ သို့သော် စက်မှုဇုန် ထဲမှာရှိတဲ့ လမ်းတစ်လမ်းကို ကျနော်တို့က သွားပြီးလုပ်လိုက်တော့ ပိုက်ဆံကလည်း အများကြီး သုံးရမှာ။သူ့ဆီမှာ အများကြီးသုံးလိုက်တော့ တခြား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ မလုပ်နိုင်တော့ဘူးပေါ့။ အဲဒါကြောင့် ကျနော်တို့ ဒီဟာလေးတွေကို စိစစ်ဖို့ဆိုပြီးတော့ တင်ပြဖို့တော့ ရှိတယ်။ ဒီလမ်းက အစိုးရပိုင်တဲ့လမ်းလား၊ စက်မှုဇုန်က စီမံခန့်ခွဲတဲ့လမ်းလား ကျနော်တို့ စိစစ်ရမယ်။ စိစစ်ပြီးတော့မှပဲ ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ်ရမှာပေါ့” ဟု ဆိုသည်။

အဆိုပါ ကညင်ချောင်းစီးပွားရေးဇုန်မှာ ယခုနှစ် မေလ ၁၂ ရက်နေ့မှ စတင်ကာ ကုန်သွယ်မှု ပြုလုပ်ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်တွင် ပြန်ပိတ်လိုက်သည့်အတွက် ၂ လ ခန့်သာ ကုန်သွယ်မှု ပြုလုပ်ခဲ့သည်။

ကုန်သွယ်မှုပြုလုပ်ခဲ့ရာတွင် လမ်းများခိုင်ခံမှုမရှိဘဲ ပျက်စီးမှုများကြောင့် ကုန်သွယ်ရာတွင် ကုန်သည် များ၊ ကားသမားများ၊ အလုပ်သမားများ များစွာ ဒုက္ခရောက်ကြရကြောင်း သိရသည်။


မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် အမေရိကန်ဒေါ်လာတစ်ခုတည်းဖြင့်သာ ကုန်သွယ် ခွင့်ပြုထားသော နယ်စပ်ကုန်သွယ်စခန်းဖြစ်ပြီး တစ်နေ့လျှင် ဒေါ်လာတစ်သန်းအထိ ကုန်သွယ်မှု ပြုနိုင်သော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ကညင်ချောင်း စီးပွားရေးဇုန်အား ပြည်နယ်အစိုးရအဖွဲ့နှင့် ကညင်ချောင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်(KED)တို့ပူးပေါင်းကာ မြေဧက ၅၀ ခန့်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ကာ ကုန်သွယ်ရေးဇုန်အဖြစ် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။