၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၅

မွန်ပြည်နယ်အတွင်းမှထွက်ရှိသော ငါးများကို ပြည်ပတင်ပို့မှု ရပ်နားထားရပြီး လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ တတိယလှိုင်းနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုများကြောင့် ငါးလုပ်ငန်းတစ်ခုလုံး ပိတ်သိမ်းထားရသည့် အခြေအနေမျိုးနှင့်ရင်ဆိုင်နေရကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းရှင်များအသင်း ထံမှ သိရသည်။

“အခုလက်ရှိ ကျနော် ၂ စီး ရပ်နားထားရတယ်။ မကိုက်မှ မကိုက်ပဲ။ ကိုက်လို့ လုပ်ရတာက တစ်မျိုးပေါ့။ ကိုယ်က ရင်းလိုက်တယ် ဥပမာ ပိုက်ဆံ ၂၀၀ ရင်းလိုက်တယ်၊ ၃၀၀ ရင်းလိုက်တယ်၊ ရင်းလိုက်ပြီးတော့ ဒီငွေ ပြန်မရောက်လာဘူးဆိုရင် ဒါ ထိခိုက်သွားဖို့ပဲ ရှိတယ်။ ရနိုးနိုး ရနိုးနိုးနဲ့ (၃/၄/၅) စီး လုံးကြည့်တယ် ပါမှမပါလာတာ။ မပါလာတော့ အခုလက်ရှိ ကျနော့မှာတော့ နှစ်စီး ရပ်ထားပါတယ်။” ကျိူက္ခမီ ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးခင်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ကိုဗစ်ဒုတိယလှိုင်းတွင် ပြည်ပသို့ တင်ပို့လုပ်ကိုင်နေသည့် ငါးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်း နီးပါး ရပ်နားခဲ့ရပြီး လက်ရှိ ကိုဗစ်တတိယလှိုင်းတွင်လည်း ရပ်နားလိုက်ရသည့် လုပ်ငန်း ၆၀ ရာခိုင်နှုန်း ခန့် ရှိနေပြီဖြစ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်အသင်းထံမှ သိရသည်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှုကြောင့် ယမန်နှစ် ၂၀၂၀ ခုနှစ် မေလကတည်းက တရုတ် နယ်စပ်ဂိတ်များ ပိတ်လိုက်သဖြင့် အဓိက စားသောက်ကုန်ဖြစ်သည့် သားငါးပင်လယ်စာ၊ သစ်သီးဝလံ များနှင့် ခြံထွက်သီးနှံ ဟင်းသီးဟင်းရွက်တင်ပို့နေမှုများလည်း သိသိသာသာကျဆင်းခဲ့ပြီး လက်ရှိ ကာလအထိ ပြန်လည်နလံထူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုများ‌ကြောင့် ပြည်တွင်း ကုန်ပစ္စည်းတင်ပို့ရာတွင် အစစ်အဆေး များပြားလာခြင်း၊ လမ်းခရီးသွားလာမှု အခက်အခဲများလည်း ရှိလာခဲ့ကြောင်း ဦးခင်ဝင်းက CNI သို့ ဆက်ပြောသည်။

“အခုက အစစ်အဆေးဆိုတာက ဟိုတုန်းက မွန်ပြည်နယ်အတွင်း သွားမယ်ဆိုလို့ရှိရင် ဘာမှ မျှော (ထောက်ခံစာ) မလိုဘူးလေ။ အခုကျတော့ မွန်ပြည်နယ်သွားလည်း မျှောယူရမယ်။ ရေးသွားလည်း မျှောပေးရမယ်ဆိုတော့ ဒါတွေက ဦးတို့ကျတော့ လက်ရှိက ငါးကို ဖမ်းပိုင်ခွင့်ရသလို ရောင်းပိုင်ခွင့်လည်း ရှိတဲ့အတွက်ကြောင့် မွန်ပြည်နယ်ကနေ တနင်္သာရီတိုင်းသွားမယ်။ ရန်ကုန်တိုင်းဘက်ကို သွားတော့မယ် ဆိုရင် မျှောယူရတယ်ဆိုရင် တစ်မျိုးပေါ့။ အခုက မွန်ပြည်နယ်တစ်ခွင်ထဲမှာတောင် သံဖြူဇရပ်သွားရင် သံဖြူဇရပ်ဂိတ်ကို ဖြတ်ရင် မျှောစာမပါရင် သွားလို့မရဘူး။ မရတဲ့အတွက်ကြောင့်မို့ ဘာဖြစ်လာလဲ ဆိုတော့ မျှောစာပြန်ယူဆိုတော့ အချိန်တွေလည်း ပုပ်လာသလို အခက်အခဲတွေ ဖြစ်လာတာပေါ့”ဟု သူက ဆိုသည်။

မြန်မာနိုင်ငံက ထွက်ရှိသည့် ရေထွက်ကုန်အများစုကို တရုတ်နိုင်ငံကို အဓိက တင်ပို့နေပြီး မွန်ပြည်နယ်မှ ငါးများကိုလည်း တရုတ်နိုင်ငံကို အမှီပြုတင်ပို့နေရခြင်းဖြစ်ကာ ထိုင်းနိုင်ငံသို့လည်း တင်ပို့သည်ဟု သိရသည်။

မွန်ပြည်နယ်အတွင်းရှိ ငါးလုပ်ငန်းရှင်များအနေဖြင့် လက်ရှိ ကြုံတွေ့နေရသည့် စက်သုံးဆီ မြင့်တက် နေမှုအပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ငါးဖမ်းလုပ်ငန်းများကို ဒီဇင်ဘာအထိသာ အရင်းအနှီးရရှိရေးအတွက် ဆက်လက်လုပ်ကိုင်မှာဖြစ်ပြီး နောက်ပိုင်းကာလများတွင် ရပ်နားဖို့ရန် လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြင်ဆင်နေကြသည်။

မြန်မာ့ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းကွက်များအတွင်း ငါးမဖမ်းရကာလကို နှစ်စဥ် ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ၃ လတိတိ သတ်မှတ်ထားသည်။