CNI News
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၅
မြန်မာနိုင်ငံတွင် လက်ရှိရောင်းဝယ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေ(၅)မျိုးအပြင် တရုတ်ယွမ်နှင့် ဂျပန်ယန်းတို့ကိုပါ ထပ်တိုးဝယ်ယူရောင်းချခွင့်ပြုခြင်းအပေါ် ကြိုဆိုသော်လည်း လတ်တလော အခြေအနေအရ အကျိုးသက်ရောက်မှုမရှိနိုင်သေးကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာ စိုးထွန်းက ပြောသည်။
“ဒါတော့ ကောင်းပါတယ်။ ကျန်တဲ့တိုင်းပြည်တွေမှာ ငွေကြေးအစုံ ရောင်းချခွင့်ပေးထားတာပေါ့နော်။ ကျနော်တို့တိုင်းပြည်မှာပဲ ကန့်သတ်ထားတာပေါ့။ အခုလို ရောင်းချခွင့်ပေးတာတော့ ကျနော်တို့က ကြိုဆိုတယ်။ ဒါပေမယ့် ငွေလဲကောင်တာတွေမှာ နိုင်ငံခြားဧည့်သည်တွေ လာတဲ့အချိန်ပဲ ပိုပြီးတော့ အဆင်ပြေမှာပေါ့နော်။ ငွေကြေးလဲလှယ်ဆောင်ရွက်တဲ့သူတွေကို လဲလို့ရအောင် ဆောင်ရွက်ပေးတာ ပေါ့။ တကယ်တမ်း လက်ရှိအချိန်မှာတော့ ကျနော်တို့ နိုင်ငံခြားဧည့်သည်တွေကို ပိတ်ထားတယ်။ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပိတ်ထားတယ်။ နိုင်ငံခြားဧည့်သည်တွေ မလာသေးတဲ့အတွက် ကြောင့်မို့လို့ ချက်ချင်းလက်ငင်းတော့ ကျနော်တို့ အကျိုးတော့ မရှိနိုင်သေးဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်ရဘဏ်များနှင့် ဘဏ်မဟုတ်သည့် ကုမ္ပဏီအဖွဲ့အစည်းများကို လက်ရှိရောင်းဝယ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေ(၅)မျိုးအပြင် တရုတ်ယွမ်နဲ့ ဂျပန်ယန်းတို့ကိုပါ ဝယ်ယူရောင်းချခွင့်ပြုသည်ဟု ဗဟိုဘဏ်မှ ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
လက်ရှိရောင်းဝယ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေ(၅)မျိုးမှာ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်နဲ့ မလေးရှားရင်းဂစ်တို့ဖြစ်ပြီး ယခုအခါ တရုတ်ယွမ်နဲ့ ဂျပန်ယန်းများကိုလည်း ဝယ်ယူ ရောင်းချခွင့်ပြုပေးလာခြင်း ဖြစ်သည်။
ထို့အတူ ဘဏ်များတွင် အမေရိကန်ဒေါ်လာမှ လွဲပြီး အခြား နိုင်ငံခြားငွေကြေးအကောင့်ဖွင့်ခွင့် မပြုထားသည့်အတွက် ကုန်သွယ်ရေးပြုလုပ်သည့်အခါတွင် အခက်အခဲတွေ့နေရပြီး အမေရိကန်ဒေါ်လာ ကဲ့သို့ အခြားသော နိုင်ငံခြားငွေကြေးအကောင့်ကိုပါ ပြုလုပ်ခွင့်ပေးသင့်သည်ဟု ဒေါက်တာစိုးထွန်းက ဆက်ပြောသည်။
“အဲဒီလို ဖွင့်မှပဲ အဆင်ပြေမှာပေါ့။ မဟုတ်ရင် ကျနော်တို့ကဗျာ သူက တရုတ်ယွမ်နဲ့ ရောင်းချခွင့် ပေးတယ်ဆိုပေမယ့်လည်း ပြဿနာက ဘာဖြစ်လဲဆိုရင် ကျနော်တို့က ပေးချေမယ်ဆိုရင် မြန်မာ ကျပ်ကနေ ဒေါ်လာ ဒေါ်လာကနေ တရုတ်ယွမ်၊ မြန်မာကျပ်ကနေမှ ဒေါ်လာ ဒေါ်လာကနေမှ ဂျပန်ယန်း နှစ်ဆင့်ပြောင်းရတော့ Exchange Rate နာတာပေါ့ဗျာ ဝယ်တဲ့နေရာမှာ။ ဆိုတော့ ကျနော်တို့ထင်တယ် ဘယ်သူမှမသုံးကြဘူး။ လွန်ခဲ့တဲ့ ၃/၄ နှစ်ကတည်းက ခွင့်ပြုထားတာပေါ့ဗျာ”ဟု ပြောသည်။
ယခုလို ငွေလဲကောင်တာများတွင် ဂျပန်ယန်းနှင့် တရုတ်ယွမ်ကို ဗဟိုဘဏ်မှ ရောင်းချခွင့်ပြုသည့် အပေါ် ဒေါ်လာသုံးစွဲမှု လျော့ကျစေရေးအတွက်ဖြစ်သည်ဟု သုံးသပ်သည့် လုပ်ငန်းရှင်များရှိသလို ထူးခြားမှုမရှိကြောင်းလည်း သုံးသပ်ထားကြသည့် လုပ်ငန်းရှင်များ ရှိသည်။