၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄
ကိုဗစ်အကြောင်းပြ၍ တရုတ်နိုင်ငံဘက်မှ တရုတ်-မြန်မာ နယ်စပ်ဂိတ်များအားကို ဇူလိုင် ၈ ရက်မှ ယနေ့အထိ ပိတ်ထား သည့်တိုင် တရုတ်နိုင်ငံဘက်မှ ပစ္စည်းများသည် မြန်မာ နိုင်ငံဘက်သို့ နယ်စပ်ဂိတ်ကနေ တင်ပို့လျက်ရှိသည့်အတွက် နှစ်နိုင်ငံပစ္စည်းများအား မျှမျှတတ တင်ပို့ခွင့်ပေးစေချင်ကြောင်း ကုန်သည်များက ပြောသည်။
ကုန်ပစ္စည်းများကို တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံထဲသို့ တင်သွင်းခွင့်ရနေခြင်းကြောင့် မြန်မာဘက်က ကုန်ပစ္စည်းများကို လည်း တင်သွင်းခွင့်ပြုရန် မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးလှမောင်က “ဒီနေ့ တရုတ်နဲ့ ဗမာနဲ့အစည်းအဝေးရှိတယ်လေ ၁၀၅ မိုင်မှာ။ ကျနော် အဓိကဖြစ်ချင်တာက သူတို့ နှစ်နိုင်ငံ ညှိတဲ့အချိန်မှာ မျှမျှတတ ဖြစ်အောင်လို့။ တော်ကြာနေ တရုတ်ပစ္စည်းပဲ ထွက်မယ် ငါတို့ပစ္စည်း ပိတ်ထားမယ်ဆိုရင် အဲ့ဒါဆို ရင် မဖွင့်နဲ့လို့ ပြောချင်တယ်သိလား။ တရုတ်ပစ္စည်းပဲ ပေးမထွက်နဲ့။ ဗမာပစ္စည်းလည်း ပေးဝင်မှရမယ်။ မျှတအောင်ပေါ့။ တရုတ်ပစ္စည်းလည်း ထွက်ပေါ့။ ဗမာပစ္စည်းလည်း ဝင်ပေါ့။ အဲ့ဒါမျိုး မျှမျှတတဖြစ်ချင်တယ်။ မထွက်ရရင်လည်း မထွက်နဲ့ ဘယ်သူမှ မထွက်နဲ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းများသည် ထပ်မံ ထွက်ရှိလာတော့မည် ဖြစ်သည့်အတွက် ဂိုဒေါင်များ၌ ချထား ခဲ့ရသည့် ပစ္စည်းများအား တစ်ဖက်နိုင်ငံသို့ အမြန်ဆုံး တင်ပို့နိုင်ရေး ကူညီဆောင်ရွက်ပေးရန် ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာ ထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အောက်တိုဘာ ၁၂ ရက်နေ့က တင်ပြ ထားသည်။
ပုံ-နယ်စပ်ကုန်သွယ်ရေးစခန်း
သို့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိသေးကြောင်း သိရသည်။
နယ်စပ်ဂိတ်များ ပိတ်ထားသည့်အတွက် မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန်ပစ္စည်းများ ကားအစီးရေ ၁၀၀၀(တစ်ထောင်) ခန့်သည် မူဆယ်ရှိ ဂိုဒေါင်အသီးသီးတွင် ချထားခဲ့ကြရသည်မှာ သုံးလကျော်ကြာမြင့်နေပြီဖြစ်ကြောင်း၊ ဂိုဒေါင်ခနှင့် ဆေးဖြန်း ခ ကုန်ကျစရိတ်များ ပိုမိုကုန်ကျလာသည့်အတွက် ယခုကဲ့သို့ တင်ပြခြင်းဖြစ်ကြောင်း သိရသည်။
ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလှမောင်က “ကျနော်တို့ ကုန်သွယ်မှုက လုံးဝရပ်သွားတာပေါ့။ တော်တော် ထိခိုက်တယ်။ တချို့က မန္တလေးမှာ သယ်ပြီး ပြန်သွားရောင်းနေတယ်။ ဆုံးရှုံးမှုရှိတာပေါ့။ ဂျုတီလည်း တစ်ခါဆောင်ပြီးပြီ။ ကားခလည်း တစ်ခါ ကုန် ပြီးပြီ။ တစ်ခါ အောက်ကို ပြန်သယ်သွားတယ်။ ပြန်သွားရောင်းတယ်ဆိုတော့ ဆုံးရှုံးမှုရှိတာပေါ့။ သူတို့ပစ္စည်းပေးထွက်မယ် ငါတို့ပစ္စည်း ပေးမထွက်ဘူးဆို ငါတို့အများကြီး ဆုံးရှုံးနစ်နာတယ်လေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
သွင်းကုန်သာရှိပြီး ပို့ကုန်မရှိပါက မြန်မာငွေကြေး ကျဆင်းနိုင်ပြီး ကုန်ဈေးနှုန်းများမှာလည်း မြင့်တက်လာနိုင်သည့်အတွက် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်း၊ ပို့ကုန် သွင်းကုန် မျှတမှသာ မြန်မာငွေတန်ဖိုးကို ထိန်းထားနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြန်မာ-တရုတ်နယ်စပ်စခန်း အားလုံး၏ ပို့ကုန်တင်ပို့မှု တန်ဖိုးသည် ပြီးခဲ့သည့် ကာလတူနှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော် လျော့နည်းသွားကြောင်း သိရသည်။
ထို အထဲတွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းသည် ပို့ကုန်တင်ပို့မှုတန်ဖိုး အနည်းဆုံးဖြစ်ကာ ပြီးခဲ့သည့် ကာလတူ နှစ်ထက် အမေရိကန်ဒေါ်လာ ၄၀၄ သန်းကျော် လျော့နည်းသွားကြောင်း သိရသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ တရုတ်သမ္မတ ကိုယ်တိုင် တက် ရောက်မည့် နိုင်ငံတကာအစည်းအဝေး ကျင်းပရန်ရှိသည့်အတွက် ထိုအစည်းအဝေးပြီးနောက်တွင် နှစ်နိုင်ငံနယ်စပ်ဂိတ်အား ပြန်ဖွင့်ခွင့်ရမည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။
သို့သော် လက်ရှိအချိန်ထိ ပြန်လည်ဖွင့်လှစ်မည့် အကြောင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန် ခြင်း မရှိသေးပေ။