၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄

လက်ရှိဘဏ္ဍာနှစ် ခုနှစ်လခန့်တွင် ပြည်ပသို့ ရော်ဘာတင်ပို့မှုသည် ယခင်နှစ် ကာလတူထက် တန်ချိန် ၅ သောင်း ပိုမိုတင်ပို့ နိုင်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ရော်ဘာတင်ပို့မှုသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် တန်ချိန် ၂ သိန်းတင်ပို့လျက်ရှိရာ ယခုနှစ်မှာတော့ တရား မဝင် တင်သွင်းပို့မှု တန်ချိန် တစ်သိန်းရှိပြီး တရားဝင် တင်ပို့မှုမှာ တစ်သိန်းခွဲရှိသည့်အတွက် တန်ချိန် ငါးသောင်း ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြော သည်။

၎င်းက “ခါတိုင်းနှစ်က တရားဝင် တန်ချိန် နှစ်သိန်း ပို့နိုင်တယ်။ ပြီးခဲ့တဲ့နှစ်မှာ မှောင်ခိုထွက်တာ များသွားတဲ့အတွက်ကြောင့်မို့ တန်ချိန် တစ်သိန်းခွဲပဲ တရားဝင်တင်ပို့နိုင်တယ်။ ကျန်တဲ့ဟာတွေက မှောင်ခိုထွက်သွားတာ တန်ချိန် တစ်သိန်း။ အဲဒီအတွက် ကျနော်တို့က ရှင်းရှင်းပြောရရင် ရော်ဘာအထွက်နှုန်းတွေက တိုးလာမှာပဲလေ။ တစ်ပြည်လုံးမှာ စိုက်ထားတာက ဧကပေါင်း ၁ သန်း ၆ သိန်းနဲ့ ၄ သောင်းကျော် စိုက်ထားပြီးသားလေ။ ကျနော်တို့ ထုတ်လုပ်မှုက ဧက ၈ သိန်းပဲ ရှိသေးတယ်လေ။ ဒီနှစ် ဆို ဧက ၈ သိန်းခွဲလောက် ဖြစ်မှာပေါ့ ထုတ်လုပ်မှုက။ ထုတ်လုပ်မှု တက်လာရင် အထွက်လည်း တက်လာမယ်။ အထွက် တက်လာရင် Export လည်း တက်လာမယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

တရားမဝင် တင်ပို့မှု များပြားလာခြင်းသည် နိုင်ငံတော်အတွက် အခွန်ဝင်ငွေ ထိခိုက်စေပြီး တစ်ဖက်မှာတော့ ကုန်သည်များ အတွက် ဈေးပိုရကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် ရော်ဘာထုတ်လုပ်မှု တန်ချိန် ၄.၈ သန်း ထွက်ပြီး မြန်မာနိုင်ငံမှာတော့ တစ်နှစ်လျှင် ရော်ဘာ ထုတ်လုပ်မှု တန်ချိန် ၃ သိန်းကျော်သာ ထွက်သည့်အတွက် ထိုင်းနိုင်ငံက ဈေးကောင်းရကြောင်း၊ ထိုင်းနိုင်ငံသည် နိုင်ငံခြားသို့ ရော်ဘာကို ကြိုတင်ရောင်းချထားရာ ကိုဗစ်-၁၉ ဖြစ်ပွားသည့်အတွက် ထိုင်းနိုင်ငံ၏ ရော်ဘာထုတ်လုပ်မှု လျော့ကျသွားခြင်း နှင့် အစေးလှီးလုပ်သား ရှားပါးမှုကြောင့် နိုင်ငံခြားသို့ ရောင်းချထားသော တန်ချိန် မပြည့်မှီခြင်းကြောင့် မြန်မာ့ရော်ဘာကို ဝယ်ယူမှုများလာကြောင်း၊ ထိုင်းနိုင်ငံမှ မြန်မာ့ရော်ဘာ ဝယ်ယူမှုများသည့်အတွက် ဈေးကောင်းရလာနေခြင်းဖြစ်ကြောင်း ဦးခိုင်မြင့်က ရှင်းပြသည်။

၎င်းက “ထိုင်းနိုင်ငံရဲ့ ရော်ဘာ ထုတ်လုပ်မှုက လျော့ကျ သွားတယ်။ အဲဒါက ကိုဗစ်ကြောင့်ပေါ့နော်။ အစေးလှီးလုပ်သား ရှားပါးမှုကြောင့် ထုတ်လုပ်မှုတွေ လျော့ကျသွားတဲ့အတွက် သူတို့နိုင်ငံကနေပြီးတော့ နိုင်ငံခြားကို ရောင်းဖို့အတွက် လိုအပ်တဲ့ ဟာကို ကျနော်တို့ဆီကနေပြီးတော့ ဝယ်ယူ ဖြည့်တင်းပြီးတော့ ရောင်းတဲ့သဘောပေါ့။ ရှင်းရှင်းပြောရရင် ထိုင်းနိုင်ငံရဲ့ ပစ္စည်းက နိုင်ငံတကာကို ရောင်းတဲ့အခါ ဈေးကောင်းရတဲ့အတွက် ကျနော်တို့နိုင်ငံက ပစ္စည်းကို အသင့်တင့် ဈေးပေးပြီးတော့ သူတို့နိုင်ငံ ပစ္စည်းအနေနဲ့ နိုင်ငံခြားကို သူတို့ တင်ပို့တာပဲ။ အဲတော့ အစားထိုး တင်ပို့တဲ့အတွက် ကျနော်တို့နိုင်ငံက ပစ္စည်းက ဈေးတန်းတစ်တန်းကို ဈေးကောင်းရတဲ့အတွက် အဲဒီနိုင်ငံခြားကို ကျနော်တို့ မှောင်ခိုဆိုတာ ထွက်လာတာပဲလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို မြန်မာနိုင်ငံတောင်ပိုင်း ဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့မှာ အများဆုံး တွေ့ရသည်။ ထို့နောက် ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင်းလည်း စိုက်ပျိုးကြောင်း သိရသည်။

ပြည်တွင်း ရော်ဘာထွက်ရှိမှု ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး ကျန် ၈ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြု လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ရော်ဘာ အဓိက တင်ပို့နေသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် ဒေသတွင်းနိုင်ငံ များဖြစ်သည့် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဥရောပ စသည့် နိုင်ငံများသို့လည်း တင်ပို့လျက်ရှိ ကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။