CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၃

ပြည်တွင်းရွှေဈေးကွက်တွင် အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ကျပ် ၁,၈၇၅,၀၀၀(၁၈ သိန်း ၇ သောင်း ၅ ထောင်ကျပ် ပေါက်ဈေးဖြင့် ယနေ့ (အောက်တိုဘာ ၁၃ ရက်) ရောင်းချပေးနေခြင်းကြောင့် မြန်မာ့ရွှေဈေး ကျဆင်းလာသည်။

မြန်မာ့ရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၁၈ သိန်းဝန်းကျင် ရောက်ရှိလာခြင်းမှာ ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်း ဒေါ်လာဈေး တည်ငြိမ်မှုများကြောင့် ဖြစ်သည် ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ဉီးမျိုးမြင့်က “အဓိကကတော့ ကမ္ဘာ့ရွှေဈေးလည်း ငြိမ်နေတယ်ပေါ့ ဒီရက်ထဲမှာ။ ၁၇၅၀ ပတ်ချာလည်လောက်ပဲ ရှိတယ်။ ပြည်တွင်းက ဒေါ်လာဈေးလည်း ပြန်ကျလာတယ်။ ကျနော်တို့ ရွှေအသင်းကလည်း နေ့စဉ် ပိဿာချိန် ၂၀ ကနေပြီးတော့ ၅၀ အတွင်း ရောင်းပေးတယ်ပေါ့။ လာရောင်းတဲ့ ရွှေတွေကိုလည်း ဝယ်ပေးတယ်။ ရွှေဈေးကတော့ အားလုံး အခုချိန်မှာ ရောင်း တာနဲ့ ဝယ်တာနဲ့က ရောင်းလိုအားနဲ့ ဝယ်လိုအား မျှနေတယ်။ ဈေးကတော့ မတက်နိုင် လောက်တော့ပါဘူး။ ဒီပတ်ချာလည် လောက်ပဲ ရှိနေမှာပါ။ ဒေါ်လာဈေး ကျလို့ရှိရင် ထပ်ကျအုံးမှာပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ယနေ့ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၆၈ ရှိသည်။ ယနေ့ (အောက်တိုဘာလ ၁၃ ရက်) တွင် နိုင်ငံ ခြားငွေကြေး ရောင်းဝယ်ခွင့် လုပ်ငန်းလိုင်စင်ရရှိထားသည့် ငွေလဲကောင်တာများတွင် အမေရိကန် ဒေါ်လာ တန်ဖိုးမှာ ဝယ် ဈေး တစ်ဒေါ်လာလျှင် ၁၉၈၀ ကျပ်နှင့် ရောင်းဈေး ၂၀၃၀ ကျပ် ရှိကြောင်း သိရသည်။

ရွှေအကြံပေးနှင့် ဈေးကွက်သုတေသီများကတော့ ပြည်တွင်း ရွှေဈေးနှုန်း အကယ်ဒမီရွှေ တစ်ကျပ်သားတန်ဖိုး ကျပ် ၁၇ သိန်း ခွဲ ဝန်းကျင်အထိ ပြန်ကျလာရန် အလားအလာရှိနေကြောင်း ခန့်မှန်းလျက်ရှိကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဦးမျိုးမြင့်က “ရာသီဥတု ကောင်းလာမယ်။ လမ်းပန်း ဆက် သွယ်ရေး ကောင်းလာမယ်ဆိုရင်တော့ ပြန်ဖြစ်လာမှာဗျ။ ကျနော်တို့ တွင်းဝဈေးပေါ့ တွင်းဝဈေးက ၁၃ သိန်း လောက်ရှိတယ်။ ကျနော် တို့ ရန်ကုန်သယ်မယ်။ ရန်ကုန်သယ်ပြီးတော့ ဒီမှာ ရောင်းတာပြုတာ လမ်းပန်းဆက်သွယ်ရေး သာယာမှ ကျနော်တို့ လုပ်လို့ ရမယ့် သဘောတွေ ရှိပါတယ်ဗျ။ ဥပမာ တနိုင်းမှာ ၁၃ သိန်းပဲ ရှိတယ်။ ကျနော်တို့ တနိုင်းကနေ မြစ်ကြီးနားကို ကားနဲ့ သယ် မယ်။ မြစ်ကြီးနားကနေ ရန်ကုန်ကို လေယာဉ်နဲ့ သယ်မယ်။ အရင်တုန်းက ဒီလိုပဲ လာနေကျပေါ့နော်။ အဲဒီ လမ်းပန်း ဆက် သွယ်ရေးတွေ ပြန်ကောင်းလာမယ်။ နေပူလို့ ကျနော်တို့ ရွှေကလည်း တွင်းတွေအားလုံးလည်း ရွှေတွေအားလုံး ပြန်ထွက်လာ မယ်ဆိုရင်တော့ ရွှေဈေးက ထပ်ကျအုံးမှာ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းမှ နေ့စဉ် ရွှေပိဿာချိန် ၂၀ မှ ၅၀ အထိ ရောင်းချပေးလျက်သည်။ လက်ရှိတွင် မြန်မာ့ရွှေဈေးမှာ ရောင်းလိုအားနှင့် ဝယ်လိုအား မျှတသည့် အခြေအနေမှာ ရှိနေကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်တွင် အကယ်ဒမီရွှေ တစ်ကျပ်သားတန်ဖိုးမှာ ကျပ် ၁၃ သိန်းကျော်သာ ရှိခဲ့သော် လည်း နိုင်ငံရေးအပြောင်းအလဲ၏ သက်ရောက်မှုများကြောင့် ရွှေဝယ်ယူမှု များပြားခဲ့သည်။ ထို့နောက် ရွှေတန်ဖိုးမှာ တစ် ကျပ်သားလျှင် ကျပ် ၂၂ သိန်းကျော်အထိ စံချိန်တင် တက်သွားခဲ့သည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ရွှေတူးဖော်သည့် လုပ်ကွက်အသေးတွင်း (၁၀၀) ကျော်ကို အသစ် ထပ်မံ ခွင့်ပြုပေးထားသည် များ ရှိကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရှိရသည်။