၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၃

၃ လခန့်ကြာ ပိတ်ထားရသည့် ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြန်ဖွင့်နိုင်ရန်အတွက် ရခိုင်ပြည်နယ်ကောင်စီက ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းကို ဆက်သွယ်အကြာင်းကြားထားပြီး အစည်းအဝေးတစ်ရပ်ကိုလည်း ခေါ်ယူထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးအောင်အောင်က “အတည်ပြုလို့တော့ ရပါတယ်။ ကျနော်တို့ ကြားရတဲ့သတင်းကတော့ အတည်ပြုလို့ ရပါတယ်။ ဒါပေမယ့် အခုခေါ်တာကတော့ ဘယ်လိုလုပ်မယ်ဆိုတာ၊ ကိုဗစ် ၁၉ စည်းမျဉ်းနဲ့ အစီအမံတွေချမှာနဲ့ ဘယ်လိုထိန်းချုပ်မလဲ၊ ဘယ်လိုကာကွယ်မယ်၊ သွားရမယ်ဆိုတဲ့ဟာမျိုးတွေ ပြောမယ်ထင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်း၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကညင်ချောင်း စီးပွားရေးဇုန်တို့ ဖြစ်သည်။

ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြီးခဲ့သည့် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ကူးစက်မှု မပြန့်ပွားစေရန်အတွက် ဇူလိုင်လ ၁၅ ရက်မှစတင်ကာ ယနေ့ အောက် တိုဘာလ ၁၃ ရက်နေ့အထိ ၃ လနီးပါးကြာ ပိတ်ထားခဲ့ရသည်။

ယင်းသို့ ပိတ်ထားခဲ့ရပြီးသည့်နောက် ယခု ပြန်လည်ဖွင့်လှစ်ပေးသည့်အခါတွင် အခက်အခဲအနေဖြင့် ၁၀ ရာခိုင်နှုန်းလောက်သာ ရှိနိုင်သည်ဟု မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သည်များအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက CNI သို့ ပြောသည်။

“အခက်အခဲကို ရာခိုင်နှုန်းအလိုက် ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်ထင်တယ် ၁၀ ရာခိုင်နှုန်း အဲလောက်ပဲ အခက်အခဲရှိမယ်။ ၃ လတာပိတ်ထားပေမယ့် ဈေးကွက်တွေ ပျောက်တာ၊ ကုန်တွေ ပြန်ချတာ ပြုရတာ အခက်အခဲ ၁၀ ရာခိုင်နှုန်းလောက်ပဲ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုရင် ၃ လပိတ်ထားပေမယ့်လည်း လူတွေက အမြဲတမ်း မနက်ဖြန် ဖွင့်မယ်တို့၊ တစ်ပတ်ခါ ဖွင့်မယ်တို့၊ ၁၀ ရက်နေ့ဖွင့်မယ်တို့ အဲလို စိတ်ကူးစိတ်သန်းမျိုးတွေနဲ့ ကြိုတင်ပြီးတော့ အဆက်မပြတ် သတင်းအချက်အလက်တွေက ရှိနေကြတယ်။ အဲဒီတော့ ရုတ်တရက် ဖွင့်လိုက်တဲ့အခါမှာလည်း အရင်က ပျောက်သွားတဲ့ ကုန်ဈေးကွက်တွေ ပြန်ပေါ်လာမယ်လို့ ကျနော်က ယုံကြည် တယ်”ဟု ဆိုသည်။

 

ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်နှင့် ကြက်သွန် အပါအဝင် မီးဖိုချောင်သုံး ကုန်ပစ္စည်းများကို ၉၀ ရာခိုင်နှုန်းတင်ပို့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပလစ်စတစ် လူသုံးကုန် ၁၀ ရာခိုင်နှုန်း ပြန်လည်တင်သွင်းသည်ဟု သိရသည်။

ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်စတင်လုပ်ဆောင်သည့်အခါတွင် လက်ရှိအချိန်သည် လယ်ယာသီးနှံပေါများသည့်ကာလဖြစ်သည့်အတွက် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် တစ်ပတ်တာကာလအတောအတွင်း ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်လာနိုင်သည့် အခြေအနေရှိသည်ဟုလည်း ဦးအောင်မြင့်သိန်းက သုံးသပ်သည်။

“မောင်တောကုန်သွယ်ရေးကတော့ စည်မှာပါ ဖွင့်လိုက်တဲ့အတွက်။ စားသောက်ကုန်ပစ္စည်းတွေက ကျနော်တို့နိုင်ငံကနေ ယူတာများတယ် သူတို့က။ အခုက လယ်ယာသီးနှံတွေက ထွက်လာတဲ့အချိန်ပေါ့လေ။ သိပ်မကြာဘူး တစ်ပတ်လောက်ဆို အဆင်ပြေသွားမယ် ကျနော်ထင်တာလေ။ သင်္ဘောတွေကို ပြုပြင်ရတာ ဘာညာ အဲဒါတော့ နည်းနည်းအချိန်ယူမယ်။ ယူနေရင်းနဲ့ ဟိုဘက်က ကုန်သည်တွေ ဒီဘက်က ကားတွေ ကလည်း ဆင်းလာမယ်။ ဒီဘက်ကလည်း ပြီးတဲ့အချိန်နဲ့ တစ်ပတ် ၁၀ရက် အဲဒီအချိန်မှာ သူ့ဟာနဲ့သူ ဖြစ်သွားမယ်”ဟု ၎င်းက ပြောသည်။

ဒါ့အပြင် ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း ကိုဗစ်ဒုတိယလှိုင်းကြောင့် ပထမအကြိမ် ပိတ်ထားခဲ့ပြီး ယခုနှစ် ဧပြီလတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့နောက် ကိုဗစ်တတိယလှိုင်း ဖြစ်ပွားလာမှုကြောင့် ဇူလိုင်လအတွင်း ထပ်မံ ပိတ်ထားခဲ့ရခြင်းဖြစ်သည်။