CNI News

၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၁

မိမိတို့သည် မြန်မာပြည်သူများကဲ့သို့ပင် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ပြီး တက်ကြွစွာ အပြု သဘောဆောင်သည့် အခန်းကဏ္ဍမှ အမြဲတမ်းပါဝင်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ၂၀၂၁ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေးပညာသင်ဆု အွန်လိုင်းမှ ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း သံ အမတ်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။

တရုတ်သံအမတ်ကြီး Mr.Chen Hai က “မိမိတို့သည် မြန်မာပြည်သူများကဲ့သို့ပင် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုး တိုးတက်ရန် မျှော်လင့်ပြီး တက်ကြွစွာ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ အမြဲတမ်း ပါဝင်လျက်ရှိကြောင်း၊ တရုတ် နိုင်ငံ၌ ပညာတော်သင်သည့် မြန်မာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခြင်းမှတဆင့် တရုတ်ယဉ်ကျေးမှုနှင့် မူဝါဒ များ အကြောင်း ပိုမိုသိရှိနားလည်လာပြီး တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအကြောင်း ပိုမိုသိရှိနားလည်လာ ပြီး တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအကြောင်း နက်ရှိုင်းစွာ သိရှိလာကာ ကိုယ်စီ၏ လုပ်ငန်းခွင်၌ တရုတ်- မြန်မာချစ်ကြည်ရေးအား ထိန်းသိမ်းသူနှင့်တွန်းအားပေးသူများအဖြစ် ဆောင်ရွက်နိုင်ကြရန် မျှော်လင့်ပါတယ်”ဟု ပြော သည်။

မိမိတို့သည် မကြာမီအချိန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၂)နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ပြုဆင်နွှဲခဲ့ ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသစ်နှင့် အစောဆုံး သံတမန် ဆက်ဆံရေးထူထောင်သည့် နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်စဉ်မှစ၍ တရုတ်-မြန်မာဆက်ဆံရေးသည် သမိုင်းကာလ၏ စမ်းသပ်မှုများကို ခံခဲံရ ကြောင်း၊ အခြေအနေမည်သို့ ပြောင်းလဲစေကာမူ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီဖေးမမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများသည် အမြဲတမ်း မြန်မာပြည်သူတစ်ရပ်လုံးအတွက်ဖြစ်ကြောင်း၊ မိတ်ဆွေ အိမ်နီးချင်းတို့သည် အပြန်အလှန်ဂရုစိုက် ကြပြီး အချင်းချင်း ကောင်းမွန်သင့်မြတ်ကြရန် ဆန္ဒရှိကြောင်း သံအမတ်ကြီး Mr. Chen Hai က ဆိုသည်။

“တရုတ်-မြန်မာ ချစ်ကြည်ရေးပညာသင်ဆု” အွန်လိုင်းမှ ပေးအပ်ခြင်း အခမ်းအနားသို့ သံအမတ်ကြီး Mr.Chen Hai ၊ သံရုံး ယဉ်ကျေးမှုသံမှူး Mr.Pan Feng၊ သံရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဌာနမှူး Ms.Feng Liping တို့ တက် ရောက်ခဲ့သလို ပညာသင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ တရုတ်နိုင်ငံ၌ ပညာတော်သင်သည့် ကျောင်းသား/ သူများသမဂ္ဂ ကိုယ်စားလှယ်များ၊ သစ်လွင်ကျောင်းသား/သူ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၆၀ ကျော် တက် ရောက်ခဲ့သည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်ပြီး ကုန်သွယ် စီးပွားဘက်လည်းဖြစ်သလို မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများစု နိုင်ငံလည်းဖြစ်သည်။

ထို့နောက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေး ပဋိပက္ခများ၊ လက်နက်ကိုင် ပဋိပက္ခများ၊ စီးပွားရေး ကျဆင်းမှုများ စသည့် အခြေအနေများအပေါ် ကောင်း မွန်လာအောင် လုပ်နိုင်သလို ပိုမိုဆိုးဝါးသွားအောင်လည်း လုပ်နိုင်သည့် အခြေအနေတစ်ရပ်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။