၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၁
ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များမှ ပြန်လည်ရရှိလာမည့် ငွေ(ဒေါ်လာ)များကို သတ်မှတ်ကာလအတွင်း AD လိုင်စင်ရ ဘဏ်များသို့ လာရောက်အပ်နှံခြင်းနှင့် ရောင်းချခြင်းမရှိဘဲ ပြင်ပသို့ ရောင်းချ (သို့မဟုတ်) သိမ်းဆည်းထားပါက ထို ကုမ္ပဏီများကို တရားစွဲ အရေးယူရန် ပြင်ဆင်နေကြောင်း သိရသည်။
ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များမှ ရငွေ(ဒေါ်လာ)များကို ရက်ပေါင်း (၃၀) အတွင်း AD လိုင်စင်ရဘဏ်များသို့ မပျက်မကွက် ရောင်းချရန် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ အဝင်/အထွက် စားရင်းများအား အခြေခံ၍ မလိုလားအပ်သော လွှဲပြောင်းပေးချေ မှုများအား စိစစ်ခြင်း၊ ဘဏ်များအနေဖြင့် အချက် အလက်များအား စည်းကမ်းနှင့်အညီ စစ်ဆေးဆောင်ရွက်ခြင်း၊ ပို့ကုန်ရငွေ အား ရက်(၃၀)ထက် မကျော်လွန်ရန် စစ်ဆေးစောင့်ကြည့်မှုများ ပြုလုပ်ရန် ညွှန်ကြားထားသည်။
ထို့နောက် ပို့ကုန်ဝင်ငွေများကို ရက် (၃၀) ထက် မကျော်လွန်ရန် စိစစ်မှု ပြုလုပ်ခြင်းသည် ပို့ကုန်သမားများအတွက် အလုပ် လုပ်သည့်အခါတွင် အနည်းငယ် အခက်အခဲရှိနိုင်ကြောင်း Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က ပြောသည်။
၎င်းက “တစ်ခါတလေကျရင် ကျနော်တို့ ကုန်သွယ်ရေးမှာ ပို့ကုန်ရငွေဆိုပြီး ဝင်လာတာ ရှိတယ်။ ချက်ချင်း ကျနော်တို့ ဒီ ဘက်မှာ ပြန်ပြီး လုပ်ရတာ ရှိတယ်လေ။ အဲဒါကို ဟိုဟာမဖြစ်ဘူးဆိုရင် သူက အရေးယူမှာပေါ့။ အဲအတွက်က ဘာဖြစ်လဲ ဆိုတော့ တစ်ခါ တလေ ကျနော်တို့ အလုပ်လုပ်ရတာ နည်းနည်း ခက်သွားတာပေါ့။ ဒါပေမယ့်လည်း တကယ် အ လုပ်လုပ်တဲ့ လူအတွက်က မခက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပို့ကုန်ကြိုတင်ငွေရမှာပဲ ကျနော်တို့ ဒီဘက်မှာ Export လုပ်မယ်ဆိုလည်း Export ပြန်ဝင်ရမယ့် အပိုင်းတွေ ရှိတယ်လေ။ မြန်မာပြည်ထဲကို ဝင်တယ်ဆိုလည်း လုပ်ခလစာ ဘာညာ ရှင်းရတဲ့ဟာ ရှိ တော့ ဒီတစ်လ အတွင်းက ကျနော်တို့ ကျေနေတာပဲပေါ့နော်။ ဒါပေမယ့် တချို့အခက်အခဲတွေကကျတော့ ဒီမှာ လူဝန်ထမ်း မဖွင့်ရသေးဘူး။ ဒီထဲမှာ ငွေပိုနေတဲ့ အခါကျတော့ ကျနော်တို့မှာ မရောင်းချင်လည်း အခုချိန်မှာ မရောင်းရင် အရေးယူခံရ မယ်၊ အဲသဘောတော့ ရှိတယ်” ဟု CNI သို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပြည်တွင်းမှာ ဒေါ်လာရှားပါးမှု ပြဿနာများ ကြုံတွေ့ခဲ့ရပြီးနောက် ဗဟိုဘဏ်က ပို့ကုန်ရငွေများကို သတ်မှတ်ရက်အတွင်း ရောင်းချရမည်ဟု ထုတ်ပြန်ခဲ့သည်။ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက် သွင်းကုန်သမားများအနေဖြင့် ဒေါ်လာ ဝယ်ယူရ ရှားပါးမှု အခက်အခဲ အဆင်ပြေလာပြီး ဈေးကွက်လည်ပတ်မှုများ ပြန်လည် အဆင်ပြေလာသည့် အနေအထားရှိ လာကြောင်း ဦးသီဟပိုင်က ဆိုသည်။
၎င်းက“ကျနော်တို့က ပုံမှန်အားဖြင့်ဆိုရင်တော့ အရင်က (၆) လတွေ ဘာတွေလည်း မကန့်သတ်ထားပါဘူး။ ကိုယ့်ငွေကို ဒီထဲမှာ လိုသလို ထည့်ထားလို့ ရတယ်လေ။ အခုအခြေ အနေကတော့ ဒေါ်လာဈေး ရှားပါးတဲ့ အခြေအနေကြောင့်မို့လို့ ဗဟို ဘဏ်က သူတတ်နိုင်တဲ့ ဘက်ကနေပြီးတော့ ဥပဒေအာဏာကို သုံးပြီးတော့ ဈေးကွက်ကို ထိန်းချုပ်တဲ့ သ ဘောပေါ့နော်။ ပို့ကုန်သမား တွေက ဘယ်လိုအခက်အခဲရှိရှိ သွင်းကုန်သမားတွေအတွက် အဆင်ပြေတယ်။ ဘာလို့ဆို အရင်တုန်းက ပို့ကုန် သမားတွေက ငွေတွေကို ကိုင်ထားတော့ သွင်းကုန်သမားတွေက ဒီဒေါ်လာကို ဝယ်မရတဲ့ ပြဿနာတွေ ရှိတယ်။ အခုလိုမျိုး ချရောင်း သွင်း ကုန် သွင်းဖို့အတွက် ငွေလွှဲဖို့က အဆင်ပြေသွားတာပေါ့။ ဒေါ်လာဈေးတွေလည်း ချက်ချင်း မတက်တော့ဘူး ပေါ့။ ကျနော်တို့ က ဈေးကွက်ကို ကြည့်တဲ့နေရာမှာ ပို့ကုန်တစ်ခုတည်းကိုပဲ ကြည့်လို့မရဘူးပေါ့။ ဈေးကွက်ကြီးတစ်ခုလုံး လိုအပ်နေတာပေါ့။ ပို့ကုန်သမားကလည်း ပို့ကုန်တစ်ခုပဲ လုပ်တာ မဟုတ်ဘူး။ သူ့ရဲ့ ပို့ကုန်တွေ ကုန်ချောဖြစ်ဖို့အတွက် ပစ္စည်းတွေ သွင်းရတယ်။ ဒီအနေအထားက ဈေးကွက် လည်လာတဲ့ သဘောပါပဲ”ဟု CNI သို့ ပြောသည်။
လက်ရှိတွင် ပို့ကုန်(Export) လုပ်ငန်းရှင်များသည် ဒေါ်လာငွေရှားပါး၍ ဝယ်ယူရခက်ခဲမှုများထက် ပို့ကုန်တင်ပို့ရန် ကွန်တိန်နာ ငှားရမ်းခ ဈေးနှုန်း မြင့်မားနေမှု အခြေအနေများကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူများက ဆိုကြ သည်။
ဒေါ်လာဈေး မြင့်တက်နေမှုနှင့် ဒေါ်လာဝယ်ယူရ ခက်ခဲမှုများ ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်များတွင် ပို့ကုန်ရငွေများကို ရက်(၃၀)သာ ထားခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသလို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ(နစက)ကလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဉပဒေကို ပြင်ဆင်သည့် ဉပဒေအား ထုတ်ပြန်ခဲ့သည်။